ကျောက်ဖြူ ဇွန် ၆
၂၀၂၆ ခုနှစ်၊ ဇွန်လ(၅)ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ “ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ဖို့ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်စို့” (A Global Call for Climate Action) အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ရမ္မာဝတီခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမင်းသူက သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သက်ဆိုင်သည့် အကြောင်းအရာများနှင့်ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသူများအား ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ထံမှ ပေးပို့ထားသည့် သဝဏ်လွှာဗီဒီယို၊ ကုလသမဂ္ဂပတ်ဝန်းကျင် အစီအစဉ်(UNEP)၏ အမှုဆောင်ညွှန်ကြားရေးမှူးထံမှ ပေးပို့ထားသည့် သဝဏ်လွှာဗီဒီယိုနှင့် ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဆိုင်ရာ ဗီဒီယိုကလစ်တို့အား ဖွင့်လှစ်ပြသခဲ့သည်။ ဆက်လက်ပြီး ၂၀၂၆ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများကို တာဝန်ရှိသူများက ဆုများ အသီးသီးပေးအပ်ချီးမြှင့်ပြီး အမှတ်တရ စုပေါင်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
တင်ထွန်းဦး (ပြန်/ဆက်)