စစ်တွေ ဇွန် ၅
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးနှင့်ဇနီး ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့နာယက ဒေါ်ထက်စန္ဒာကျော်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက မိုးရာသီတွင်ခြင်ကြောင့် ဖြစ်ပွားလေ့ရှိသော သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရန် ကာကွယ်ထိန်းချုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုအားပေးကြပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများ ပါဝင်သည့် ပူးပေါင်းအဖွဲ့က စစ်တွေမြို့၊ ဆင်ကူးလမ်းရပ်ကွက်ရှိ လူနေအိမ်များ၌ မိုးရာသီတွင် ခြင်ကြောင့် ဖြစ်ပွားလေ့ရှိ သော သွေးလွန်တုပ်ကွေးရောဂါများ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ခြင်း၊ ပိုးလောက်လန်ရှိ/မရှိစစ်ဆေးခြင်း၊ အဘိတ်ဆေးခတ်ခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းဆောင်ရွက်နေမှုကို လှည့်လည် ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။ အလားတူ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများပါဝင်သည့် ပူးပေါင်းအဖွဲ့က သွေးလွန်တုပ်ကွေးရောဂါကာကွယ်ထိန်းချုပ်ခြင်းအတွက် ခြင်ဆေးမှုတ်ခြင်းတို့ကိုလည်း ဆောင်ရွက်လျက်ရှိသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနရုံးသို့ သွားရောက်၍ အားကစားသမားများ အိပ်ဆောင်ဆောက်လုပ်မည့် လျာထားနေရာအား ကြည့်ရှုစစ်ဆေးရာ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြည်နယ် ဦးစီးမှူးနှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြကြသည်။ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ကိုမှာကြားပြီး ဓညဝတီအားကစားခန်းမ၌ အားကစားသမားများအား စခန်းသွင်းလေ့ကျင့်နေမှုကို ကြည့်ရှုအားပေးကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဓညဝတီအားကစားကွင်းသို့သွားရောက်ကြပြီး အားကစား သမားများ အိပ်ဆောင်ဆောက်လုပ်မည့် လျာထားနေရာအား ကြည့်ရှုစစ်ဆေးကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေအောက်စီဂျင်စက်ရုံသို့ သွားရောက်၍ အောက်စီဂျင် ထုတ်လုပ်နေမှုကို ကြည့်ရှုကြရာ တာဝန်ရှိသူများက အောက်စီဂျင်စက်ရုံလည်ပတ် ထုတ်လုပ်နေမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို တာဝန်ရှိသူများနှင့်ညှိနှိုင်း ပေါင်းစပ်ပေးခဲ့သည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ ဘက်စုံသုံးဆိပ်ကမ်းသို့သွားရောက်၍ ရန်ကုန်မြို့မှ စစ်တွေမြို့သို့ MV ရဲထွန်းအောင်(၃) သင်္ဘောဖြင့် ရောက်ရှိလာသည့် ဆန်နှင့် အခြေခံစားသောက်ကုန်များအား အတင်အချပြုလုပ် နေမှုကို သွားရောက် ကြည့်ရှုစစ်ဆေးကြသည်။
ထိုသို့ သွားရောက်ကြည့်ရှုစစ်ဆေးစဉ် ပြည်နယ်ဝန်ကြီးချုပ်က ကုန်စည်စီးဆင်းမှု မြန်ဆန်မှန်ကန်စေ ရေး၊ ကုန်ပစ္စည်းများပျက်စီးဆုံးရှုံးမှု မဖြစ်စေရေး၊ ဘေးအန္တရာယ် ကင်းရှင်းစွာ အတင်အချပြုလုပ်နိုင် ရေး၊ လိုအပ်မှုမရှိသော နေရာများသို့ မရောက်ရှိစေရေး စနစ်တကျကြတ်မတ်ဆောင်ရွက်သွားကြရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။
နေ့လယ်ပိုင်းတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်သည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ဆတ်ရိုးကျချောင်း ပြန်လည်တူးဖော်ရေး ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။
ညှိနှိုင်းအစည်းအဝေးတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က ဆတ်ရိုးကျချောင်းသည် ယခင်ကသင်္ဘော များ သွားလာခဲ့စဉ်က ပုံမှန်အနေအထားတွင် ရှိခဲ့သော်လည်း ယခုအခါ သင်္ဘောများ၊ စက်လှေများ၊ မော်တော်များ သွားလာခြင်းမရှိခြင်း၊ ပြည်တွင်းရေကြောင်း သွားလာရေး သင်္ဘောများ၊ အမြန်ယာဉ် များမှာချောင်းအတွင်း ရပ်နားထားခြင်းကြောင့် နှုံးများပိတ်ဆို့ကာ တိမ်ကောလာခြင်းဖြစ်ကြောင်း၊ ဆတ်ရိုးကျချောင်းအတွင်း သင်္ဘောများ ဝင်ထွက်ဆိုက်ကပ်နိုင်ရေးအတွက် နှုံးတူးဖော်ခြင်း လုပ်ငန်းဆောင်ရွက်နိုင်ရေး အရေးကြီးကိစ္စ တစ်ရပ်အနေဖြင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဆတ်ရိုးကျချောင်းတွင် သင်္ဘောများ ရာသီမရွေးဝင်ထွက် သွားလာနိုင်ရေးအတွက် စက်ယန္တရားများဖြင့် ပြန်လည်တူးဖော်နိုင်ရေး ဆောင်ရွက်သွားရန်လိုအပ်လျက်ရှိကြောင်း၊ အလားတူ ကုလားတန် မြစ်ကြောင်းတွင် သောင်တူးဖော်နိုင်ရေးလုပ်ငန်းများကိုလည်း ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် သက်ဆိုင်ရာဌာနများမှ လုပ်ငန်းဆောင်ရွက်နေမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပေးကြစေလိုကြောင်း ပြောကြားသည်။
ယင်းနောက် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူ များက ဆတ်ရိုးကျချောင်းနှင့် ကုလားတန်မြစ်ကြောင်းတို့တွင် သောင်တူးဖော်ခဲ့မှုနှင့် ချောင်းနှင့်မြစ်ကြောင်းများ တိမ်ကောနေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။ တင်ပြချက်များအပေါ် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဖြည့်စွက်ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က ပြန်လည်ဆွေးနွေးပေးပြီး လိုအပ်သည်များ ကို မှာကြားခဲ့သည်။
ခိုင်ပြည်နယ်ဝန်ကြီးချုပ်သည် ဇွန်လ ၃ ရက် ညနေပိုင်းက ပြည်နယ်ရေအရင်း အမြစ်နှင့်မြစ်ချောင်း များဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး သိုလှောင်ရုံနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန သိုလှောင်ရုံသို့ သွားရောက်ကြည့်ရှု စစ်ဆေးကြရာတာဝန်ရှိသူများကပစ္စည်းများ သိုလှောင်ထားရှိမှုကို လိုက်လံရှင်းလင်းတင်ပြသည်။ ပြည်နယ်ဝန်ကြီးချုပ်က ပစ္စည်းများပျက်စီးမှုမရှိစေရေး၊ အလေအလွင့်မရှိ စေရေးစနစ်တကျကြပ်မတ်ထိန်းသိမ်း ဆောင်ရွက်ကြရန် တာဝန်ရှိသူများမှာကြားခဲ့ပြီး တိုင်းတာ ရေးသုံးကိရိယာများနှင့် ယခင်ဆတ်ရိုးကျ ချောင်းတူးဖော်ခဲ့မှုမှတ်တမ်းများအား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကိုမှာကြားခဲ့ကြောင်း သိရသည်။
တင်ထွန်း (ပြန်/ဆက်)