ဘီးလင်းမြို့ အ.ထ.က(ဘီးလင်း) ကျောင်း၌ နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် UID ကတ်ထုတ်ပေးခြင်းများ ကွင်းဆင်းဆောင်ရွက်

ဘီးလင်း ဇွန် ၄

မွန်ပြည်နယ် ဘီးလင်းမြို့နယ်တွင် အစိုးရသစ်၏ ရက် (၁၀၀) စီမံချက်ကာလအတွင်း လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် UID ကတ်များ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက အ.ထ.က(ဘီးလင်း)ကျောင်း၊ ပညာ့အားမာန်ခန်းမ၌ ဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဘီးလင်းမြို့နယ် ဦးစီမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးသိန်းထိုက်နှင့် ဝန်ထမ်းများက ရက် (၁၀၀) စီမံချက်ကာလအတွင်း လမင်းစီမံချက်ဖြင့် ကျောင်းသား၊ ကျောင်းသူများအား အသက် ၁၀ နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြား မပြုလုပ်ရသေးသူ ကျောင်းသား၊ ကျောင်းသူ(၃၀၀) ဦးအား ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

 အဆိုပါ ကွင်းဆင်းဆောင်ရွက်နေမှုများကို ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များဖြစ်ကြသော ဒေါက်တာစိုးမိုးအောင်၊ ဦးကျော်ဇေယျာမင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ကျိုက်ထိုခရိုင် ဒုတိယညွှန်ကြားရေးမှူး ဦးလှအေး၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝဿာန်ဦးနှင့် တာဝန်ရှိသူများက ကြည့်ရှု၍ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြသည်။

ဆက်လက်၍ နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် UID ကတ်များပေးအပ်ခြင်း အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသော ဒေါက်တာစိုးမိုးအောင်၊ ဦးကျော်ဇေယျာမင်းနှင့် တာဝန်ရှိသူ အသီးသီးတို့က နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် UID ကတ်များကို ကျောင်းသား၊ ကျောင်းသူများထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)