မော်လမြိုင် ဇွန် ၄
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၏ တည်ဆဲအခွန်ဥပဒေများနှင့်အညီ ကုမ္ပဏီတည်ထောင်ပြီးပါက လိုက်နာဆောင်ရွက်ရမည့် အခွန်ဆိုင်ရာကိစ္စရပ်များ အသိပညာပေးရှင်းလင်းပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့ Sunshine Hotel၌ ကျင်းပပြုလုပ်သည်။
ဦးစွာ အခမ်းအနားတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီး နိုင်လယိတမက လုပ်ငန်းရှင်များအနေဖြင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနတွင် မှတ်ပုံတင်ဖွဲ့စည်းတည်ထောင်ပြီးနောက် ပြည်တွင်းအခွန်များ ဦးစီးဌာန၌ လိုက်နာဆောင်ရွက်ရမည့် အခွန်ဆိုင်ရာကိစ္စရပ်များကို သိရှိနားလည်ထားမှသာ မိမိတို့ကုမ္ပဏီ၏ အခွန်ဆိုင်ရာတာဝန်နှင့် အခွင့်အရေးများကို သိရှိနိုင်မည်ဖြစ်ကြောင်း လုပ်ငန်းရှင်များအနေဖြင့် ပြည်နယ်အခွန်ဦးစီးဌာနမှူးမှ ရှင်းလင်းဆွေးနွေးမည့် ကိစ္စရပ်များကို မှတ်သားလိုက်နာ ဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်အခွန်ဦးစီးဌာနမှူး ဦးဂျွန်စိန်ဂီက ပြည်တွင်းအခွန်များဦးစီးဌာနက ကောက်ခံလျက်ရှိသော အခွန်အကြောင်းသိကောင်းစရာများကို ဦးစွာရှင်းလင်းဆွေးနွေးပြီး ကုမ္ပဏီတည်ထောင်ပြီးနောက် လိုက်နာဆောင်ရွက်ရမည့် အခွန်ဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးသည်။
အဆိုပါ အခွန်ပညာပေးရှင်းလင်းပွဲသို့ မွန်ပြည်နည် အခွန်ကောက်ခံမှု အထောက်အကူအပြုအဖွဲ့ဝင်များနှင့် လုပ်ငန်းရှင်များ စုစုပေါင်း(၂၅၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
စည်သူ(ပြန်/ဆက်)