မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း သူနာပြုနှင့်သားဖွားဒီပလိုမာ အောင်လက်မှတ်အပ်နှင်းပွဲ အခမ်းအနား တက်ရောက်၊ ရွှေမြိုင်စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်းမှ ဆန်စပါးထုတ်ကုန်များ ကြည့်ရှုစစ်ဆေး

မော်လမြိုင် ဇွန် ၄

မွန်ပြည်နယ်၊ သူနာပြုနှင့် သားဖွားသင်တန်းကျောင်း (မော်လမြိုင်)၊ သူနာပြုနှင့်သားဖွား ဒီပလိုမာ အောင်လက်မှတ်အပ်နှင်းပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပရာ သူနာပြုသိပ္ပံ(မော်လမြိုင်)မှ သင်တန်းသား၊ သင်တန်းသူများမှ ဂရုဏာအလင်းသီချင်းဖြင့် သီဆိုဖွင့်လှစ်၍ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းက သင်တန်းသား၊ သင်တန်းသူများ၏ ကြိုးစားလေ့လာမှု၊ စည်းကမ်းလိုက်နာမှုနှင့် စိတ်ဓာတ်ခိုင်မာမှု၊ တတ်မြောက်ကျွမ်းကျင်မှုတို့၏ အောင်မြင်မှုရလဒ်ကို အထူးဂုဏ်ပြုခြင်းအားဖြင့် သူနာပြုသားဖွားဒီပလိုမာ အောင်လက်မှတ် အပ်နှင်းပေးမှာဖြစ်ပြီး လုပ်ငန်းခွင်ဝင်ရောက်နိုင်မှာ ဖြစ်သည့်အတွက် များစွာဂုဏ်ယူပါကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် ပြည်သူ့အကျိုးပြုကျန်းမာရေး ဝန်ထမ်းကောင်းများဖြစ်အောင်၊ စံပြသူနာပြု၊ သားဖွားဆရာမကောင်းများဖြစ်အောင် ကြိုးစားသွားကြရန်နှင့် ကိုယ်ကျင့်တရား ကောင်းမွန်မှု၊ စည်းကမ်းလိုက်နာမှုနှင့် ပြည်သူအပေါ် သစ္စာရှိမှုတို့ကို အမြဲထိန်းသိမ်းပြီး ပြည်သူများ၏ ယုံကြည်အားထားမှုကို ရရှိအောင်ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း စသည်ဖြင့် အမှာစကား ပြောကြားသည်။

ထို့နောက် သူနာပြုသားဖွားဒီပလိုမာအောင်လက်မှတ် ချီးမြှင့်ခြင်းခံရသည့် သင်တန်းသား၊ သင်တန်းသူများမှ သူနာပြုသစ္စာအဓိဌာန်ရွတ်ဆို၍ ပြည်နယ်ဝန်ကြီးချုပ်၊ တာဝန်ရှိသူများနှင့်အတူ အမှတ်တရ ဓာတ်ပုံရိုက်ကူးခဲ့သည်။

ဆက်လက်၍ သူနာပြုသင်တန်း‌ ကျောင်းအုပ်ကြီးက သူနာပြုနှင့် သားဖွားဒီပလိုမာ သင်တန်းတွင် အောင်မြင်ခဲ့ကြသည့် သင်တန်းသူ၊ သင်တန်းသား (၆၁)ဦးအား အောင်လက်မှတ်များကို ချီးမြှင့်အပ်နှင်းခဲ့သည်။

မွန်ပြည်နယ် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာ ပန်းချီပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ ‌အမှတ် (၈) အခြေခံပညာအထက်တန်းကျောင်း၊ ယင်းမာခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နေမှုအပေါ် ကြည့်ရှုအားပေးခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က မော်လမြိုင်မြို့၊ ‌အမှတ် (၈) အခြေခံပညာ အထက်ကျောင်းအတွက် အမှတ်တရ ပစ္စည်းများပေးအပ်ခဲ့မှုအပေါ် ကျောင်းအုပ်ဆရာမကြီး က လက်ခံရယူပြီး ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီး အားပေးနှုတ်ဆက်ခဲ့သည်။

မွန်ပြည်နယ်အတွင်း စားနပ်ရိက္ခာဖူလုံးရေးနှင့် ဆန်စပါး ပို့ကုန်များ ပိုမိုထုတ်လုပ်နိုင်ရေး အတွက် ပြည်နယ်ဝန်ကြီးချုပ်သည် ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ ရွှေမြိုင်သီရိရပ်ကွက်၊ လမုတန်းလမ်းနှင့် ဆန်တန်းလမ်းရှိ ရွှေမြိုင်စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းလီမိတက်၏ အဆင့်မြင့်ဆန်စက်နှင့် စပါးအခြောက်ခံစက်ရုံသို့ ရောက်ရှိရာ ဦးစွာ တန် (၉၀) ကျ စပါးကြိတ်ခွဲစက်နှင့် တန်(၁၂၀)စပါးအခြောက်ခံစက်ရုံအတွင်း ဆန်စပါးကြိတ်ခွဲနေမှုများ၊ ဆန်အခြောက်ခံမှုနှင့် ဆန်ထုတ်ပိုးနေမှု အခြေအနေတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့နောက် ရှင်းလင်းဆောင်တွင် ရွှေမြိုင်စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းလီမိတက် တာဝန်ရှိသူက စပါးများဝယ်ယူနေမှု၊ အဆင့်မြင့်ဆန်စက်နှင့် စပါးအခြောက်ခံစက်လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေတို့အား ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဒေသထွက် ကုန်ကြမ်းပစ္စည်းများကို အခြေခံသည့် ကုန်ထုတ်လုပ်မှု လုပ်ငန်းများ အောင်မြင်အောင်ဆောင်ရွက်ခြင်းဖြင့် ဒေသတွင်းနှင့် နိုင်ငံ၏ စီးပွားဖွံ့ဖြိုးတိုးတက်နိုင်စေရေး၊ ဒေသတွင်း ဆန်ဖူလုံမှုရှိစေရေး၊ ဆန်စပါးပန်းတိုင် အထွက်နှုန်းတိုးတက်စေရေးကို နိုင်ငံတော်အစိုးရမှ အားပေးဆောင်ရွက် လျက်ရှိကြောင်း၊ အလားတူ မွန်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း ပြည်နယ်အတွင်း စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်နယ်နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေမှ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်း ဆောင်ရွက်နေသော တောင်သူများနှင့်ပူးပေါင်း၍ ဒေသအတွင်း လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး တစ်ဖက်တစ်လမ်းမှ အထောက်အကူပြု ဆောင်ရွက်ပေးကြရန် မှာကြားခဲ့ကြောင်း သိရှိရသည်။

ပြည်နယ်(ပြန်/ဆက်)