ပေါင် ဇွန် ၄
မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်၌ ခရိုင်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီ၏ ဦးဆောင်မှုဖြင့် ပြည်နယ်မီးသတ်ဦးစီးမှူးနှင့် မြို့နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီ၏ အနီးကပ်ကြီးကြပ်မှုဖြင့် သထုံခရိုင်အတွင်းရှိ သန္ဓေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ သထုံခရိုင်/ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်းများ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီအသင်းအဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ လူမှုကူညီရေးအဖွဲ့ဝင်များ၊ ပြည်သူများ ပူးပေါင်းကာ ယမန်နေ့နံနက်ပိုင်းက မုန်တိုင်းဘေးအန္တရာယ်နှင့် ရေဘေးအန္တရာယ် ဇာတ်တိုက်လေ့ကျင့်ခြင်းကို မုတ္တမကျေးရွာ၊ မြင်းတပ်ရပ်၊ သင်္ဘောဆိပ်ဟောင်း၌ ပြုလုပ်ခဲ့သည်။
ထိုသို့ ဇာတ်တိုက်လေ့ကျင့်ခြင်းဆောင်ရွက်မှုကို သထုံခရိုင်မီးသတ်ဦးစီးမှူး ဦးဝေယံအောင် ဦးဆောင်သော သထုံ၊ ပေါင်၊ ကျိုက်ထို၊ ဘီးလင်းမြို့နယ်တို့မှ မြို့နယ်မီးသတ်ဦးစီးမှူးများနှင့် သန္ဓေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုကူညီရေးအဖွဲ့များ၊ ကြက်ခြေနီ အသင်းတို့က မုန်တိုင်းဘေးအန္တရာယ်နှင့် ရေဘေးအန္တရာယ်ကျရောက်လာပါက ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် မုန်တိုင်းဘေးအန္တရာယ် ခံစားရသူများအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခြင်း၊ ရေပြင်အသက်ကယ်ဆယ်ခြင်း၊ ထိခိုက်သူများအား ရှေးဦးပြုစုပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ မိမိတို့၏ ဘေးကင်းလုံခြုံရေးသတိပြုခြင်း၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံး ပစ္စည်းများ အသုံးပြုခြင်း စသည်တို့ကို သရုပ်ပြသ ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးအောင်က မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ မိုးအဆက်မပြတ် ရွာသွန်းခြင်းကြောင့် မြစ်ရေမြင့်တက်ခြင်း၊ လျှပ်တပြတ် ရေကြီး/ရေလျှံဖြစ်ခြင်း၊ တောင်ပြိုခြင်း၊ မြေပြိုခြင်း၊ မြေကျွံခြင်း စသည့် ဘေးအန္တရာယ်များနှင့် အခြားသောမတော်တဆဖြစ်စဉ်များ ဖြစ်ပွားကြုံတွေ့လာနိုင်သည့်အတွက် ပြည်သူများဘေးအန္တရာယ် ကြုံတွေ့လာပါက အရေးပေါ်ကူညီရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ မိမိတို့ဒေသတွင် ဖြစ်ပေါ်လာနိုင်သည့် ဘေးအန္တရာယ်အခြေအနေများကို ကြိုတင်မျှော်မှန်း တွက်ဆထားရှိပြီး လိုအပ်သည့်အစီအမံများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားဖို့ လိုအပ်ပါကြောင်း၊ ရှာဖွေကယ်ဆယ်ရေးသုံး ယာဉ်/စက်ပစ္စည်းကိရိယာများ၊ စက်လှေများ ကြံ့ခိုင်ကောင်းမွန်ပြီး ထိရောက်စွာ အသုံးပြုနိုင်အောင် ဆောင်ရွက်ထားရမည်ဖြစ်ကြောင်း လမ်းညွှန်မှာကြားခဲ့သည်။
အခမ်းအနားသို့ ပြည်နယ်မီးသတ်ဦးစီးမှူး ရဲဗလ ဦးမျိုးဝင်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထင်လင်းအောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ သထုံခရိုင်အတွင်းရှိ မီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊ လူမှုကူညီရေး ပရဟိတအဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့်ပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မွန်မလေး(ပြန်/ဆက်)