မော်လမြိုင်မြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် (၂၉) ကြိမ်မြောက် ပန်းချီပြိုင်ပွဲနှင့် ကာတွန်းပြိုင်ပွဲများ ကျင်းပ

မော်လမြိုင် ဇွန် ၄

မွန်ပြည်နယ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ်(၂၉)ကြိမ်မြောက် ပန်းချီပြိုင်ပွဲနှင့် ကာတွန်းပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းက အမှတ် (၈) အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် (၂၉) ကြိမ်မြောက် ပန်းချီပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ စုစုပေါင်း ပြိုင်ပွဲဝင် (၆၆) ဦး စိတ်ပါဝင်စားစွာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး မွန်းလွဲပိုင်းတွင် (၂၉) ကြိမ်မြောက် ပိုစတာပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ စုစုပေါင်း ပြိုင်ပွဲဝင် ( ၄၉ ) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

အဆိုပါအပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကျင်းပသည့် (၂၉) ကြိမ်မြောက် ပန်းချီပြိုင်ပွဲနှင့် ပိုစတာပြိုင်ပွဲများတွင် ပြိုင်ပွဲဝင်များ ဝင်ရောက်ယှဉ်ပြိုင်နေမှုအခြေအနေအား မွန်ပြည်နယ် ထိန်းချုပ်ဓာတုပစ္စည်း စစ်ဆေးရေးအဖွဲ့ဥက္ကဋ္ဌ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဉာဏ်ဝင်း၊ ဒုတိယရဲမှူးကြီး သန်းအေးနှင့်တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့သည်။

ထို့ပြင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် (၂၉) ကြိမ်မြောက် ကာတွန်းပြိုင်ပွဲနှင့် ကွန်ပျူတာပန်းချီပြိုင်ပွဲကို ၂၀၂၆ ခုနှစ်၊ဇွန်လ (၄) ရက်နေ့တွင်လည်းကောင်း၊ အဆင့်မြင့်ပန်းချီနှင့်ပိုစတာ ပြိုင်ပွဲကို ၂၀၂၆ ခုနှစ်၊ ဇွန်လ (၁၃) ရက်နေ့နံနက်ပိုင်းတွင် ပညာရေးဒီဂရီကောလိပ်၌လည်းကောင်း စာစီစာကုံးပြိုင်ပွဲကို အမှတ် (၈) အခြေခံပညာအထက်တန်းကျောင်း၌လည်းကောင်း စသည်ဖြင့် အဆင့်အုပ်စုများ သတ်မှတ်၍ ဆက်လက်ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)