စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး အားကစားနှင့်ကာယပညာသိပ္ပံ(မုံရွာ) ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ အားကစားနှင့်ပညာရေးပေါင်းစပ်သင်တန်း ဖွင့်ပွဲအခမ်းအနား တက်ရောက်

မုံရွာ ဇွန် ၃

အားကစားနှင့်ကာယပညာသိပ္ပံ(မုံရွာ) ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ အားကစားနှင့်ပညာရေး ပေါင်းစပ်သင်တန်းဖွင့်ပွဲအခမ်းအနားကို ဇွန်လ ၂ ရက် နံနက်ပိုင်းတွင် အဆိုပါကျောင်းရှိ မိုးလုံလေလုံ အားကစားလေ့ကျင့်ရေးခန်းမတွင် ကျင်းပပြုလုပ်ရာအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင့်လိူင်မြင့်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်၊ ဒီဂရီကော်လိပ်များမှ ပါမောက္ခချုပ်များ၊ အားကစားနှင့်ကာ ယပညာသိပ္ပံ(မုံရွာ)မှ ကျောင်းအုပ်ကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ  တက်ရောက်ကြသည်။

ဦးစွာ အားကစားနှင့်ကာယပညာသိပ္ပံ(မုံရွာ)မှ ကျောင်းသား၊ ကျောင်းသူများက “သိပ္ပံ-မုံရွာ” တေးသီချင်းသီဆို၍ အခမ်းအနားအား ဖွင့်လှစ်ကြသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေးက အားကစားနှင့်ကာယပညာ သိပ္ပံ(မုံရွာ)မှ သင်တန်းသား၊ သင်တန်းသူများ ၏ အားကစားအရည်အချင်းတိုးတက်မှုသည် မိမိတို့တိုင်းဒေသကြီး၏ အားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးကို အထောက်အကူပြုစေနိုင်မည့်အပြင် လူငယ်မောင်မယ်များ၏ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဆိုသည့် ဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကိုလည်း ဆောင်ရွက်ပေးနိုင်မည်ဖြစ်သည့်အတွက် မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့်လည်း ဆက်လက်ပြီး အားပေးကူ ညီဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့်လည်း အားကစားလေ့ကျင့်ရေးနှင့် ပညာသင်ကြားရေးကိုလည်း အာရုံစူးစိုက်ပြီး ဟန်ချက်ညီညီ တိုးတက်မှုရရှိရေးအတွက် လေးလေးနက်နက် အစွမ်းကုန်ကြိုးစားသွားကြရန် လိုအပ်ပါကြောင်း၊ လူငယ်မောင်မယ်များ၏ ပညာသင်ကြားမှုကဏ္ဍကို တာဝန်ယူဆောင်ရွက်သွားကြမည့် ဆရာ၊ ဆရာမများအနေဖြင့်လည်း မိမိတို့ကျောင်းသား၊ ကျောင်းသူများ၏ ပညာရည်မြင့်မားရေးကိုသာမက ဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးရေးအတွက်ကိုပါ စေတနာထားသင်ကြားပေးသွားကြရန် လိုအပ်ပါကြောင်း၊ နိုင်ငံဂုဏ်ဆောင်နိုင်မည့် လူချွန်လူကောင်းများ ပေါ်ထွက်လာနိုင်ရေးအတွက် ကျောင်းမှအုပ်ချုပ်သူများနှင့် နည်းပြများ အားလုံးမှ ဝိုင်းဝန်းလက်တွဲ ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများထံ အလှူရှင်များက အားကစားနှင့် ကာယပညာသိပ္ပံ(မုံရွာ)ကျောင်းအတွက် ဂုဏ်ပြုချီးမြှင့်ငွေများနှင့်ကျောင်းသား၊ ကျောင်းသူများအတွက် တစ်ကိုယ်ရေသုံးပစ္စည်းများ ပေးအပ်ခဲ့ကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အခမ်းအနားသို့ တက်ရောက်လာသူများကအားကစားနှင့်ကာယပညာသိပ္ပံ(မုံရွာ)မှ ကျောင်းသား၊ ကျောင်းသူများ၏ တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေမှုများနှင့် လက်ဝှေ့၊ အလေးမ၊ ကရာတေး၊ Fitness Dance အားကစားနည်းများဖြင့် သရုပ်ပြဖျော်ဖြေမှုများအား ကြည့်ရှုအားပေးကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများနှင့် အမှတ်တရစုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြပြီးခန်းမအတွင်း ခင်းကျင်းပြသထားရှိသည့် အားကစားနည်းများအလိုက် သင်ထောက်ကူပစ္စည်းများနှင့် အားကစားလှုပ်ရှားမှု မှတ်တမ်းဓါတ်ပုံများအား လိုက်လံကြည့်ရှုခဲ့ကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြပြီး စာကြည့်တိုက်အတွင်းရှိ သုတ၊ ရသ စာအုပ်/စာစောင်များ စနစ်တကျထားရှိများအား လိုက်လံကြည့်ရှုကာ လိုအပ်သည်များကိုတာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အဆိုပါကျောင်းဝင်းအတွင်းရှိ ထမင်းစားဆောင်တွင် ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် နေ့လယ်စာ အတူတကွ သုံးဆောင်ခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)