ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦး ရခိုင်ပြည်နယ်အစိုးရအဖွဲ့အစီအစဉ်ဖြင့် အခြေခံပညာကျောင်းများ သန့်ရှင်း သာယာလှပရေး ဆောင်ရွက်ထားရှိမှုနှင့် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုများအား လှည့်လည်ကြည့်ရှုအားပေး

စစ်တွေ  ဇွန်  ၂

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့နယ်ရှိ အခြေခံပညာကျောင်းများအား ရခိုင်ပြည်နယ်အစိုးရအဖွဲ့အစီအစဉ်ဖြင့် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားရှိမှုနှင့် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာပညာ သင်ကြားနေမှုများအား လှည့်လည်ကြည့်ရှုအားပေးပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မည့်နေရာများကို ကွင်းဆင်းကြည့်ရှုစစ်ဆေး ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အခြေခံပညာမူလတန်းကျောင်း (ဥယျာဉ်သာ)သို့ သွားရောက်၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့အစီအစဉ်ဖြင့် ကျောင်းသန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားရှိမှု၊  ကျောင်းသား၊ ကျောင်းသူများအတွက် ရေအိမ်များစနစ်တကျ ကောင်းမွန်စွာအသုံးပြုနိုင်ရေး ဆောင်ရွက်ထားရှိမှု၊ စာသင်ခန်းများ အားလုံး အမိုးအကာလုံခြုံရေးနှင့် သန့်ရှင်းသောသောက်သုံးရေရရှိရေး ဆောင်ရွက်ထားရှိမှုတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးကြပြီး ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနေမှုများအား လှည့်လည်ကြည့်ရှုအားပေးကြသည်။ ထိုသို့လှည့်လည်ကြည့်ရှုစစ်ဆေးစဉ် ပြည်နယ် ဝန်ကြီးချုပ်က ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာရေးနှင့် စိန်းလန်းစိုပြေရေးအတွက် ပန်းအလှပင်များနှင့် အရိပ်ရသစ်ပင်များစိုက်ပျိုးသွားကြရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမှတ်(၉)အခြေခံပညာအလယ်တန်းကျောင်း၊ နာရီကန်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းနှင့် အမှတ်(၁၀) အခြေခံပညာအထက်တန်းကျောင်း သက္ကေပြင်ကုန်းသို့ သွားရောက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့အစီအစဉ်ဖြင့် အဆိုပါကျောင်းများတွင် ကျောင်းတွင်းကျောင်းပြင် သန့်ရှင်းသာယာရေး ဆောင်ရွက်ထားရှိမှု၊ ကျောင်းသား၊ ကျောင်းသူများအတွက် ရေအိမ်များ စနစ်တကျ ကောင်းမွန်စွာ အသုံးပြုနိုင်ရေး ဆောင်ရွက်ထားရှိမှု၊ စာသင်ခန်းများအားလုံး အမိုးအကာလုံခြုံရေးနှင့် သန့်ရှင်း သောသောက်သုံးရေရရှိရေး ဆောင်ရွက်ထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကြပြီး ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာ သင်ကြားနေမှုကို လှည့်လည် ကြည့်ရှုအားပေးခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မောင်နီပြင်ကျေးရွာ၊ ကျေးလက်ကျန်းမာရေးဌာနခွဲ၌ အသက် (၁၅)နှစ်အောက်ကလေးငယ်များအား မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ဝက်သက်၊ ဂျိုက်သိုး၊ ကာကွယ်ဆေး အပိုဆောင်းထိုးနှံပေးနေမှုကို လှည့်လည်ကြည့်ရှုအားပေးကြပြီး ကျေးရွာသူ၊ ကျေးရွာသားများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့်ပေါင်းစပ် ညှိနှိုင်းပေးခဲ့သည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သက္ကေပြင်ကျေးရွာ တိုက်နယ်ပြည်သူ့ ဆေးရုံသို့သွားရောက်ပြီး ဆေးရုံတက်ရောက်၍ ကျန်းမာရေးစောင့်ရှောက်မှုခံယူနေကြသည့် လူနာများအား လှည့်လည်ကြည့်ရှုကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဒါးပိုင်ကျေးရွာ ကျေးလက်ကျန်းမာရေးဌာနသို့ သွားရောက်၍ ကိုယ်ဝန်ဆောင်မိခင်များအား လစဉ်ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးနေမှုနှင့် ကျန်းမာရေးအသိပညာပေးဟောပြော နေမှုတို့ကိုလှည့်လည်ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဇောပူဂျာ-မောင်နီပြင်ကျေးရွာ သွားလမ်းပေါ်ရှိ ယာယီသံဘောင် ဘေလီတံတား ကြံ့ခိုင်မှုအခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေးကြရာ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးက ဘေလီတံတားပြုပြင်ထားရှိမှုအခြေအနေနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ပြည်နယ် ဝန်ကြီးချုပ်က လိုအပ်သည်များကို မှာကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နာရီကန်ကျေးရွာတွင် မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်မည့် နေရာအားသွားရောက်ကြည့်ရှုစစ်ဆေးကြရာ ပြည်နယ်ဝန်ကြီးနှင့် ကျေးရွာသူ၊ ကျေးရွာသူ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည့်အခြေအနေများနှင့် ဆောင်ရွက်မည့်အစီအမံများကို ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သင်္ဂနက်ကျေးရွာသွားလမ်း ဖောက်လုပ်မည့်နေရာအား သွားရောက် ကြည့်ရှုစစ်ဆေးကြရာ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများက လမ်းအသစ် ဖောက်လုပ်နိုင်ရေး ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအမံများကို ရှင်းလင်းတင်ပြကြသည်။ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။ ထို့နောက် ပြည်နယ် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမျိုးသန့်ခြံသို့ သွားရောက်ကြပြီး မိုးရာသီတွင် ဒေသတွင်းစားသုံးရန်လိုအပ်သည့် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးမည့် နေရာများသတ်မှတ် ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးကြရာ စိုက်ပျိုးရေး ဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မျိုးသန့်ခြံအတွင်း မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်မည့်နေရာအား လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။

တင်ထွန်း (ပြန်/ဆက်)