စစ်တွေ မေ ၃၁
စစ်တွေမြို့၊ ရှေးဟောင်းသမိုင်းဝင် လက်ဝဲသလုံးတော်ဓာတ် စေတီတော်မြတ်ကြီး၏ (၅၅) ကြိမ်မြောက် ဗုဒ္ဓပူဇနိယဘုရားအနေကဇာတင်ပွဲနှင့် ၁၃၈၈ ခုနှစ်၊ ရခိုင်ကဆုန်လပြည့်(ဗုဒ္ဓနေ့)၊ ကဆုန် ညောင်ရေသွန်းလောင်းပူဇော်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက စေတီတော်မြတ်ကြီး ပရိဝုဏ်အတွင်း၌ ကျင်းပပြုလုပ်ရာ သံဃာတော်အရှင်သူမြတ်များ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးနှင့်ဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ထက်စန္ဒာကျော်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ စစ်တွေတပ်နယ်မှတပ်မတော် အရာရှိကြီးများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့မိ၊ မြို့ဖများ၊ လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ သံဃာတော်အရှင်သူမြတ်များက ဘုရားရှင်၏ ရုပ်ပွားတော်နှင့် ပရိဘောဂ ဓာတုစေတီတော် မြတ်ကြီးအား ဗုဒ္ဓါဘိသေကအနေကဇာတင်၍ ဗုဒ္ဓါဘိသိက်သွန်းလောင်းပူဇော်ကြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများက မဟာဗောဓိပင်အား ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ကြပြီး အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပူဇော်ကြသည်။
ထို့နောက် ဒါန၊ သီလ၊ ဘာဝနာကုသိုလ်ဆည်းပူးခြင်း အခမ်းအနားကို ကျင်းပရာ ကြွရောက်တော်မူကြသော သံဃာတော်အရှင်သူမြတ်များနှင့် ပြည်နယ်ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိသတ်များက အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ကြပြီး ပြည်နယ်ဩဝါဒါစရိယ၊ စစ်တွေမြို့၊ နန္ဒာရာမပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တနန္ဒသိရီ မဟာထေရ်မြတ်ထံမှ ကိုးပါးသီလ ခံယူဆောက်တည်ကြသည်။ ဆက်လက်၍ သံဃာတော်အရှင်သူမြတ်များက အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ပွားသရဇ္ဈာယ် ချီးမြှင့်တော်မူကြပြီး ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြသည်။
ဆက်လက်၍ မြို့နယ်သံဃနာယကအဖွဲ့ အကျိုးတော်ဆောင် စစ်တွေမြို့၊ အောင်မြေကုန်းကျောင်းတိုက်၊ ပဓာနနာယကဆရာတော် ဘဒ္ဒန္တစန္ဒာဝရ မဟာထေမြတ်ထံမှ အနုမောဒနာတရားနာယူကြကာ ရှေးဟောင်းသမိုင်းဝင် လက်ဝဲသလုံးတော် ဓာတ်စေတီတော်မြတ်ကြီးဂေါပကအဖွဲ့က ဩဝါဒါစရိယဆရာတော်ကြီးထံမှ ဩဝါဒခံယူကြသည်။ ယင်းနောက် ပြည်နယ်ဩဝါဒါစရိယ၊ စစ်တွေမြို့၊ နန္ဒာရာမပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယက ဆရာတော်ကြီးထံမှ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု(၃) ကြိမ်ရွတ် ဆိုဆုတောင်းကာ ရုပ်သိမ်းခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူများသည် ပြည်နယ်ဩဝါဒါစရိယ၊ စစ်တွေမြို့၊ နန္ဒာရာမပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇ မဟာရဋ္ဌဂုရု ဘဒ္ဒန္တနန္နသိရီ မထေရ်မြတ်အမှူးပြုသော သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ်သည် ယနေ့နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ စစ်တွေမြို့ပေါ်ရှိ အခြေခံပညာကျောင်းများ ကျောင်းအပ်နှံရေး သီတင်းပတ် မတိုင်မီသန့်ရှင်းသာယာလှပရေး ဌာနဆိုင်ရာ ဝန်ထမ်းများ၊ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုအားပေးကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် နယ်မြေခံတပ်မတော်သားများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုအားပေးကြရာ ကျောင်းအုပ်ဆရာမကြီးနှင့် တာဝန်ရှိသူများကလိုက်လံ ရှင်းလင်းပြသကြသည်။
ထိုသို့ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ကြစဉ် ဌာနဆိုင်ရာဝန်ထမ်းများ၊ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များက အရိပ်ရပင်များ အောက်ခြေရှင်းအလင်းဖွင့်ခြင်း၊ ချုံနွယ်ပေါင်း မြက်များခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်း၊ ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်ခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။ အလားတူ စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများက ထွက်ရှိလာသော အမှိုက်များအား မော်တော်ယာဉ်များဖြင့်သိမ်းယူကာ သတ်မှတ်နေရာများသို့ ပို့ဆောင်ပေးခဲ့ကြသည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မေလ ၂၉ ရက်နေ့ ညနေပိုင်းက သူနာပြုသိပ္ပံ (စစ်တွေ)သို့ သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။
ထိုသို့ သွားရောက်ကြည့်ရှုစစ်ဆေးစဉ် ကျောင်းအုပ်ဆရာမကြီးက သူနာပြုသိပ္ပံ (စစ်တွေ) ဆိုင်းဘုတ်အသစ် ပြုလုပ်မည့်နေရာအား ရှင်းလင်းပြသရာ ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းဖွင့်အချိန်အမီ လိုအပ်သည်များကို ပြင်ဆင်နိုင်ရေး တာဝန်ရှိသူများကို မှာကြားခဲ့သည်။ ဆက်လက်၍ ပြည်နယ် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သူနာပြုသိပ္ပံ (စစ်တွေ) ကျောင်းစာကြည့်တိုက်၊ သရုပ်ပြခန်း၊ ကွန်ပျူတာခန်း၊ ကျောင်းသား၊ ကျောင်းသူအိပ်ဆောင်နှင့် စားရိပ်သာတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သတင်းရသည်။
တင်ထွန်း (ပြန်/ဆက်)