မော်လမြိုင်ကျွန်း မေ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ရွေးချယ်နိုင်ရန်အတွက် ကြီးကြပ်ရေးမှူးများရွေးချယ်ခြင်း လုပ်ငန်းများကို မြို့နယ်အဆင့်တာဝန်ပေးအပ်ထားသည့် ဌာနဆိုင်ရာများ ပါဝင်သောအဖွဲ့များက မေလ ၁၃ ရက်နေ့မှစတင်၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
အဆိုပါလုပ်ငန်းများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အဆင့် တာဝန်ပေးအပ်ထားသည့် ဌာနဆိုင်ရာများ ပါဝင်သော အဖွဲ့ (၂၀) ဖွဲ့အား ဖွဲ့စည်းတာဝန် ပေးအပ်ခဲ့ပြီး ယင်းအဖွဲ့များက မိမိတို့သက်ဆိုင်သည့် ရပ်ကွက်/ ကျေးရွာများသို့သွားရောက်၍ အုပ်ချုပ်ရေးဥပဒေ၊နည်းဥပဒေများ၊ ကြီးကြပ်ရေးအဖွဲ့များ ဆယ်အိမ်စု၊ ရာအိမ်စု စုဖွဲ့မှုဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်းရှင်းလင်းပြောကြားခဲ့ပြီး အုပ်ချုပ်ရေးမှူးများ ရွေးချယ်နိုင်အတွက် ကျေးရွာအုပ်စုတစ်စုလျှင် ကြီးကြပ်ရေးမှူး (၅) ဦး ရွေးချယ်နိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း သိရသည်။
မော်လမြိုင်ကျွန်းမြို့နယ်တွင် ရပ်ကွက်/ ကျေးရွာအုပ်စု (၁၀၈) အုပ်စုရှိပြီး ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများရွေးချယ်နိုင်ရန်အတွက် လုပ်ငန်းစဥ်များကို တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရဲကိုမောင်(ပြန်/ဆက်)