ငရုတ်ကောင်း မေ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့၌ စိုက်ပျိုးရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် ၂၀၂၆-၂၀၂၇ ခုနှစ် မိုးစပါးရာသီ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ပွဲနှင့် စုပေါင်းကြဲပက်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီက မိုးတိမ်ပြင်ကျေးရွာအုပ်စုတွင် ကွင်းအမှတ် (၂၀၀၀)၊ ဦးပိုင်အမှတ်(၁၅)ရှိ တောင်သူဦးစိုးရွှေ၏ လယ်မြေ ( ၂ ) ဧကတွင် ကျင်းပပြုလုပ်သည်။
အဆိုပါ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ပွဲနှင့် စုပေါင်းကြဲပက်ပွဲတွင် မြို့စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးဦးကျော်စွာက ပိုက်ဆံလျှော်မြေခံစိုက်ပျိုးခြင်းဖြင့် မြေဆီသြဇာထက်သန်စေပြီး သွင်းအားစုဓာတ်မြေသြဇာလျော့ချသုံးစွဲခြင်းဖြင့် ကုန်ကျစရိတ်သက်သာပြီး အထွက်နှုန်းပိုမိုရရှိကာ တောင်သူဝင်ငွေတိုးပွားစေမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။ ထို့နောက် မြို့အုပ်ချုပ်ရေးမှူး ဦးမြတ်ဟိန်းထွန်း၊ ရဲတပ်ဖွဲ့စခန်းမှ စခန်းမှူးရဲအုပ်ထူးနိုင်၊ မြို့စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးစိုးလွင်နှင့်တာဝန်ရှိသူများက ပိုက်ဆံလျှော် မျိုးစေ့များကို တောင်သူများထံပေးအပ်ခဲ့ပြီး မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)မျိုးစေ့များ စုပေါင်းကြဲပက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)