မြန်အောင် မေ ၁၂
ဧရာ၀တီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်တွင် နိုင်ငံတော်အစိုးရ၏ ရက် ၁၀၀ စီမံချက်ဖြင့် ၂၀၂၆-၂၀၂၇ ခုဘဏ္ဍာနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်က မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မြန်အောင်ဘဏ်ခွဲ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမင်းထွန်းက အမှာစကား ပြောကြားပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းဆွေက တောင်သူများအနေဖြင့် စိုက်ပျိုးစရိတ်ချေးငွေများကို လယ်ယာလုပ်ငန်းခွင်တွင် အကျိူးရှိစွာအသုံးပြုရန် အမှာစကား ပြောကြားသည်။ ဆက်လက်၍ မြန်အောင်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မြို့နယ်မန်နေဂျာ ဒေါ်စုစုခိုင်က မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေအား လယ်တစ်ဧက ကျပ်သုံးသိန်းနှုန်းဖြင့် ညောင်ဝိုင်း ကျေးရွာအုပ်စုမှ တောင်သူ (၈၃) ဦး၏လယ်မြေ (၄၂၃) ဧကအတွက် ကျပ်သန်း (၁၂၆.၉၀) ချေးငွေ ထုတ်ချေးမည်ဖြစ်ကြောင်းနှင့် ချေးငွေစာချုပ်ပါစည်းကမ်းချက်များအား ရှင်းလင်းပြောကြားပြီး ညောင်ဝိုင်းကျေးရွာအုပ်စုမှ တောင်သူများကို မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများပေးအပ်ခဲ့သည်။
မြန်အောင်မြို့နယ်မှ ရပ်ကွက်/ကျေးရွာအုပ်စု ၇၃ အုပ်စုရှိ တောင်သူ (၁၀၀၀၀) ကျော်တို့၏ လယ်ယာမြေ (၇၂၀၀၀) ဧကအတွက် ကျပ်သန်း (၂၁၆၀၀)ကို ၂၀၂၆-၂၀၂၇ ခု ဘဏ္ဍာနှစ်မိုးရာသီ စိုက်ပျိုးစရိတ်ငွေချေးရန်လျာထားကြောင်း မြန်အောင်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မြို့နယ်မန်နေဂျာထံမှ သိရှိရသည်။
၀င်းဗိုလ်