ကြံခင်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် လူရည်ချွန်(၅)ဦးအား သောင်းသောင်းဖြဖြကြိုဆို၍ ဂုဏ်ပြုပွဲအခမ်းအနားကျင်းပ

ကြံခင်း မေ ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်အတွင်းရှိ အ.ထ.က(၁)နှင့် အ.ထ.က(ဘက်ရဲ)တို့မှ သုံးထပ်ကွမ်းလူရည်ချွန်၊ နှစ်ထပ်ကွမ်းလူရည်ချွန်နှင့် လူရည်ချွန် (၅) ဦးအား တာဝန်ရှိသူများက သောင်းသောင်းဖြဖြကြိုဆိုခြင်းနှင့် ဂုဏ်ပြုပွဲအခမ်းအနားကျင်းပပေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဧရာဦးခန်းမ၌ ကျင်းပသည်။

ဦးစွာလူရည်ချွန်လေ့လာရေးစခန်းငါးခုမှ ပြန်လည်‌ရောက်ရှိလာကြသောအ.ထ.က(၁)မှ သုံးထပ်ကွမ်း လူရည်ချွန် မအိမ့်ချစ်သဲ Grade-12 ၊ နှစ်ထပ်ကွမ်းလူရည်ချွန် မခွန်းချိုသာဇော် Grade-11 နှင့် လူရည်ချွန် မောင်သာခန့်ညီ Grade-10၊ အ.ထ.က(ဘက်ရဲ) နှစ်ထပ်ကွမ်းလူရည်ချွန် မယောဟဏီသွင် Grade-10 နှင့် လူရည်ချွန် မဆုရတီထွန်း Grade-9 တို့အား ဘက်ရဲမြို့မှ ကြံခင်းမြို့အထိ လှည့်လည်ဂုဏ်ပြုခံကြပြီးနောက် အ.ထ.က(၁) ဘင်ခရာအဖွဲ့မှ ဦးဆောင်၍ ဗိုလ်ချုပ်လမ်းနှင့် မဟာဘောဂလမ်းတစ်လျှောက်မှ ဧရာဦးခန်းမအထိ လမ်းတစ်လျှောက်တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူး၊ ခရိုင်အမျိုးမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများနှင့် မိဘများက အောင်သပြေပန်းများ၊ ဂုဏ်ပြုပန်းကုံးများ၊ ပန်းစည်းများ ဖြင့် သောင်းသောင်းဖြဖြ ကြိုဆိုကြသည်။

ထို့နောက် ဂုဏ်ပြုကြိုပွဲအခမ်းအနားကိုကျင်းပခဲ့ရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးလှိုင်ကနိုင်ငံတော်အစိုးရသည် နိုင်ငံ၏အဓိကစွမ်းအားစုဖြစ်သည့် ကျောင်းသား လူငယ်များကို ကာယဗလ၊ ဉာဏဗလ၊ မိတ္တဗလ၊ ဘောဂဗလ ဟူသည့် ဗလငါးတန် ပြည့်ဝရေး၊ တိုင်းချစ်ပြည်ချစ်စိတ်များရှိပြီး အမျိုးဂုဏ်၊ ဇာတိဂုဏ် စောင့်ရှောက်ထိန်းသိမ်းလိုစိတ်များရင့်သန်လာစေရေး မိမိနိုင်ငံ၏ယဉ်ကျေးမှုကို တန်ဖိုးထား ထိန်းသိမ်းလိုစိတ်များ ဖြစ်ထွန်းလာစေရန်အတွက် လူရည်ချွန် စီမံကိန်းအပါအဝင် ဘက်စုံပညာရေးကဏ္ဍများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ကြောင်း၊  ကြံခင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် လူရည်ချွန် (၆)ဦး၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် (၅)ဦး၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် (၇)ဦး၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် (၅)ဦး နှစ်စဉ်ပေါ်ထွန်း ခဲ့တဲ့အတွက် အထူးပင်ဝမ်းမြောက်မိပါကြကြောင်း၊ ယခုလူရည်ချွန်ရရှိသော ကျောင်းသား၊ ကျောင်းသူများကို စံနမူနာယူ၍ ကြိုးပမ်းအားထုတ်နိုင်ရေး ကျောင်းသား/သူများကို တိုက်တွန်း နှိုးဆော်ပါကြောင်း ပြောကြားပြီး၊ ခရိုင်ပညာရေးမှူး ဦးမြင့်အောင်၊ မြို့နယ်ပညာရေးမှူး ဒေါ်ဌေးဌေး တို့က ဂုဏ်ပြုစကားများ အသီးသီးပြောကြားကြသည်။

ဆက်လက်၍ သုံးထပ်ကွမ်းလူရည်ချွန်၊ နှစ်ထပ်ကွမ်းလူရည်ချွန်နှင့် လူရည်ချွန် (၅)ဦးအား ကျောက်တိုင်ကျောင်းတိုက်ဆရာတော်နှင့် လဲဝါကျောင်းတိုက်ဆရာတော်တို့က တစ်ဦးလျှင် ငွေကျပ် ၂ သိန်းစီဂုဏ်ပြုပေးအပ်ပြီး၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်နှင့်တာဝန်ရှိသူများ၊ အလှူရှင်များက ဂုဏ်ပြုမှတ်တမ်းလွှာနှင့်ဂုဏ်ပြုဆုငွေများ အသီးသီးချီးမြှင့်ပေးအပ်ကြသည်။ ယင်းနောက် သုံးထပ်ကွမ်းလူရည်ချွန် မအိမ့်ချစ်သဲက ကျေးဇူးတင်ဝမ်းမြောက်စကား ပြန်လည်ပြောကြားပြီး လူရည်ချွန်မောင်မယ်များနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြကြောင်း သိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)