ပန်းတနော် မေ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ပတ်ဝန်းကျင်လေထုညစ်ညမ်းမှု လျော့နည်းစေရန်နှင့် မီးခိုးမြူငွေ့များကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဘေးထွက်ဆိုးကျိုးများကို ပြည်သူများ သိရှိနားလည်စေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက ပန်းတနော်မြို့မဈေးအတွင်း၌ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပန်းတနော်မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့မှ တာဝန်ရှိသူများ ပူးပေါင်းကာ ဈေးအတွင်းရှိ ဈေးရောင်းချသူများနှင့် ဈေးဝယ်လာကြသည့် မိဘပြည်သူများအား အသိပညာပေး စာစောင်များကို လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြသည်။
အဆိုပါ လက်ကမ်းစာစောင်တွင်မီးခိုးမြူငွေ့များကြောင့် ဖြစ်ပေါ်လာနိုင်သော ကျန်းမာရေး ပြဿနာများ၊အမှိုက်များနှင့် လယ်ယာစွန့်ပစ်ပစ္စည်းများကို စနစ်တကျ စွန့်ပစ်ခြင်းဖြင့် လေထု ညစ်ညမ်းမှုကို လျော့ချနိုင်မည့် နည်းလမ်းများ၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ သိကောင်းစရာများ ပါဝင်ကြောင်း သိရသည်။
ယခုကဲ့သို့ ကွင်းဆင်းဆောင်ရွက်ခြင်းသည် မြို့ပြသန့်ရှင်းသာယာရေးနှင့် လေထုအရည်အသွေး ကောင်းမွန်စေရန်အတွက် အများပြည်သူ ပူးပေါင်းပါဝင်လာစေရန် တိုက်တွန်းနှိုးဆော်ခြင်း ဖြစ်ကြောင်း မြို့နယ်တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
မြို့နယ်(ပြန်/ဆက်)