ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေပေးအပ်ပွဲနှင့် သီးနှံအာမခံထားရှိခြင်း အခမ်းအနားတက်ရောက်

ပုသိမ်    မေ   ၁၃

နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)စီမံချက်အရ ဆောင်ရွက်သည့် ၂၀၂၆ ခုနှစ်၊ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေပေးအပ်ပွဲနှင့် သီးနှံအာမခံထားရှိခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင်ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးသိန်းထွန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တောင်သူများတက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က “မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေဖြင့် နှစ်စဉ် မိုး၊ ဆောင်း၊ မိုးကြို ရာသီအလိုက် စိုက်ပျိုးစရိတ်ချေးငွေများကို စပါးသီးနှံအပါအဝင် သီးနှံ(၂၄)မျိုးကို ထုတ်ချေးပေးလျှက်ရှိရာ တောင်သူများ၏ စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်ကို တိုးမြှင့်ပံ့ပိုးပေးနိုင်ရေးအတွက် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် လက်ရှိချေးငွေနှုန်းထား၏ ပျမ်းမျှ(၂ဆ) ထုတ်ချေးပေးသွားမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးတွင် ယခင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၌ စပါးတစ်ဧက ချေးငွေနှုန်းထား တစ်သိန်းခွဲနှုန်းဖြင့် တောင်သူ(၁၄၆၀၃၇)ဦး၊ ဧက(၁၀၀၅၆၇၃)အတွက် ချေးငွေကျပ်(၁၅၀ ဒသမ ၈၅၀) ဘီလီယံ ထုတ်ချေးပေးနိုင်ခဲ့ပြီး ယခု ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် စပါးတစ်ဧက ချေးငွေနှုန်ထား သုံးသိန်းနှုန်းဖြင့်လျားထားဧက (၁၂၁၆၇၂၈) အတွက် ချေးငွေကျပ် (၃၆၅ ဒသမ ၀၁၈) ဘီလီယံကို ထုတ်ချေးပေးရန် လျာထား ပါကြောင်း၊ သီးနှံအာမခံနှင့်ပတ်သက်၍ မိုးခေါင်ခြင်း၊ မိုးကြီးခြင်းအစရှိသည့် ရာသီဥတု သဘာဝ ဘေးအန္တရာယ်များကြောင့် သီးနှံများဆုံးရှုံးရသည့်အခါ ဘဝရပ်တည်ရေးအတွက် အကျပ် အတည်းများ ဖြစ်ပေါ်နိုင်ပါပြောင်း၊ ထို့ကြောင့် ရာသီဥတု အညွှန်းကိန်း သီးနှံအာမခံထားရန် လည်း ထည့်သွင်းစဉ်းစားရန်လိုအပ်ပါကြောင်း၊ တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝ တိုးတက်မြင့်မားရေးနှင့် လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအခြေခံသည့် စက်မှုလုပ်ငန်း (Agrobased Industry) ကိုတည်ဆောက်ရာတွင် ကောင်းစွာ အထောက်အကူပြုစေရန် စိုက်ပျိုးစရိတ်ချေးငွေ တိုးမြှင့်ထုတ်ချေးမည့်အစီအစဉ်နှင့် လယ်ယာသုံးစက်ကိရိယာချေးငွေများ ထုတ်ချေးမည့်အစီအစဉ် အောင်မြင်စွာနှင့် စနစ်တကျဆောင်ရွက်နိုင်ရေးအတွက် တာဝန်ရှိသူများအားလုံး ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း” အမှာစကားပြောကြားသည်။

ထို့နောက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ တိုင်းဒေသကြီးမန်နေဂျာက ၂၀၂၆ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေနှင့် ပတ်သက်၍လည်းကောင်း၊ မြန်မာ့အာမခံလုပ်ငန်း၊ တိုင်းဒေသကြီးတာဝန်ခံက သီးနှံအာမခံထားရှိရေးကိစ္စနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ပုသိမ်မြို့နယ်အတွင်းရှိ  ကျေးရွာအုပ်စု(၅)အုပ်စုမှ တောင်သူများထံသို့ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)