ကန်ကြီးထောင့်မြို့နယ်၌ ပြည်‌ထောင်စုအစိုးရအဖွဲ့၏ ရက်(၁၀၀) စီမံချက်အရ ဆောင်ရွက်သည့် ၂၀၂၆ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေပေးအပ်ပွဲ အခမ်းအနားကျင်းပ

ကန်ကြီးထောင့် မေ ၁၃

ဧရာဝတီတိုင်းဒသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ ပြည်‌ထောင်စုအစိုးရအဖွဲ့၏ ရက်(၁၀၀)စီမံချက်အရ ဆောင်ရွက်သည့် ၂၀၂၆ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေပေးအပ်ပွဲ အခမ်းအနားကို မေလ(၁၂)ရက်နေ့ နံနက်ပိုင်းက မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၌ ကျင်းပသည်။

ချေးငွေပေးအပ်ပွဲအခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်အောင်က အမှာစကားပြောကြားခဲ့ပြီး တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးသက်နိုင်ဦးက ချေး‌‌ငွေလုပ်ငန်းနှင့်ပတ်သက်၍ တောင်သူများအား ဆွေးနွေးအမှာစကားပြောကြားခဲ့သည်။ ထို့နောက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မန်နေဂျာ ဦးအောင်နိုင်က ချေးငွေစည်းကမ်းသတ်မှတ်ချက်များကို တောင်သူများအား ရှင်းလင်း‌ပြောကြားပြီးနောက် ဆိတ်သာကျေးရွာအုပ်စုမှ တောင်သူများအား စိုက်ပျိုးစရိတ်ချေးငွေများကို တာဝန်ရှိသူများမှပေးအပ်ခဲ့ကြသည်။

ကန်ကြီးထောင့်မြို့နယ်တွင် ၂၀၂၆ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေအား ရပ်ကွက်(၇)ခု ကျေးရွာအုပ်စု(၇၃)အုပ်စုမှ တောင်သူ(၇၄၀၀)ဦး၏ လယ်ဧက(၅၂၀၀၀)အတွက်ချေးငွေ ကျပ်(၁၆၅၀၀)သန်းအား ထုတ်ချေးရန်လျာထားခဲ့ပြီး ယနေ့မှစတင်၍ ဆိတ်သာကျေးရွာအုပ်စုရှိ တောင်သူ(၉၅)ဦး၏ လယ်ဧရိယာ(၆၉၆)ဧကအတွက်တစ်ဧကလျှင် ကျပ်(၃၀၀၀၀၀)နှုန်းဖြင့် တောင်သူတစ်ဦးလျှင် (၁၀)ဧကအထိ ငွေကျပ်(၂၀၈၈.၀၀)သိန်းအား အတိုးနှုန်းမှာ(၅)% ဖြင့်ထုတ်ချေးခဲ့သည်။ အဆိုပါချေးငွေအား နှစ်စဥ်ချေးငွေ၊ ကိုဗစ်-၁၉ အထူးချေးငွေ အပါအဝင် အချိန်စေ့ချေး‌ငွေအပြေအကြေပေးဆပ်ပြီးဖြစ်သော တောင်သူများအား စက်တင်ဘာလ(၃၀)ရက်နေ့အထိ ထုတ်ချေး‌ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်ဇင်စိုး (ပြန်/ဆက်)