ဓနုဖြူ မေ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀)စီမံချက်အရ ဆောင်ရွက်သည့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ၂၀၂၆ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေ ပေးအပ်ပွဲအခမ်းအနားကို ယနေ့ မေလ ၁၂ရက်နေ့ နံနက်(၉)နာရီအချိန်က မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ရုံး၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မိုးလွင်က အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ဝင်းကအမှာစကား ပြောကြားပြီး၊ ၂၀၂၆-မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများအား အကျော်ကျေးရွာအုပ်စုနှင့် ကမ်းငူကြီး ကျေးရွာအုပ်စုများသို့ ပေးအပ်ခဲ့ကြောင်း သိရသည်။
ယနေ့တွင် အကျော်ကျေးရွာအုပ်စုနှင့် ကမ်းငူကြီးကျေးရွာအုပ်စုများသို့ တောင်သူ (၁၀၁) ဦးအတွက် ချေးငွေ (၂၁၇၂၀၀၀၀၀) သိန်း ထုတ်ချေးပေးပြီး၊ ဓနုဖြူမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေကို တစ်ဧကလျှင် သုံးသိန်းကျပ်နှုန်းဖြင့် (၁၂.၅.၂၀၂၆)ရက်နေ့မှ စတင်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်းနှင့် ဓနုဖြူမြို့နယ်မှ ကျေးရွာအုပ်စု (၆၃)အုပ်စုရှိ တောင်သူ (၆၁၀၀)ကျော်တို့၏ လယ်ယာမြေဧက (၄၅၀၀၀)ခန့် အတွက် ကျပ်သန်း(၁၃၅၀၀)ကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် မိုးရာသီစိုက်ပျိုးစရိတ် ငွေချေးရန်လျာထားကြောင်း မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်မှသိရသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မိုးလွင်နှင့် အဖွဲ့ဝင်များ၊ ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဦးနိုင်ဝင်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (FPTP)ဦးကြည်ဌေး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ တောင်သူများ စုစုပေါင်း(၁၇၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)