ဝါးခယ်မ မေ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် မြန့်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၆ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးခြင်းကို မေလ ၁၂ ရက် နံနက်မှစကာ ကကတိုက်၊ အလမန်းကျောင်းစု၊ ဂွေးချောင်းကျေးရွာသုံးရွာမှ တောင်သူလယ်သမားများအား စတင်ထုတ်ချေးပေးခဲ့သည်။
၂၀၂၆ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်များ ထုတ်ချေးရာတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှုးနှင့် ချေးငွေအကြံပေးရေးအဖွဲ့မှ ဌာနဆိုင်ရာများက တောင်သူလယ်သမားများနှင့်တွေ့ဆုံကာ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးခြင်းနှင့်ပတ်သက်၍ အမှန်တစ်ကယ်ထိရောက်သည့် စိုက်ပျိုးရေးလုပ်ငန်းများတွင်သာ အကျိုးရှိရှိ သုံးစွဲကြစေလိုကြောင်း၊ ထုတ်ယူခဲ့ကြသည့် စိုက်ပျိုးဧကများအတိုင်း ပြည့်ပြည့်ဝဝ စိုက်ပျိုးကြစေလိုကြောင်း၊ ပြန်လည်ပေးဆပ်ရာတွင် သတ်မှတ်ရက်အတိုင်း ပြေကျေစွာ ပေးဆပ်ကြရန်လိုကြောင်း ထည့်သွင်းပြောကြားခဲ့ကြသည်။
ဆက်လက်ပြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မြို့နယ်မန်နေဂျာ ဒေါ်အေးအေးတင်က စိုက်ပျိုးစရိတ် ဘဏ်ချေးငွေများထုတ်ချေးရာတွင် လိုက်နာရမည့်အချက်များ၊ ချေးငွေပြန်လည်ပေးဆပ်ရတွင် လိုက်နာရမည့် အချက်များ၊ စိုက်ပျိုးစရိတ် အကျေပြန်လည်ပေးဆပ်နိုင်ရေးတို့ကို ရှင်းလင်းပြောကြားခဲ့ပြီး ကျေးရွာများမှ တောင်သူ ၁၀၉ ဦး၏ မိုးစပါး စိုက်ပျိုးဧက ၇၆၁ ဧကအတွက် တစ်ဧကလျှင် သုံးသိန်းနှုန်းဖြင့် ချေးငွေကျပ် ၂၂၈၃ သိန်းအား ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
ယင်းသို့ ၂၀၂၆ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ် ဘဏ်ချေးငွေများကို ဝါးခယ်မမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၁၃၀ အုပ်စုမှ တောင်သူလယ်သမားများ၏ စိုက်ပျိုးဧက ငါးသောင်းသုံးထောင် ဧကအတွက် ကနဦးရန်ပုံငွေအနေဖြင့် ချေးငွေကျပ်သိန်း ၁၅၉၀၀၀ အား ဆက်လက်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လွှမ်းသီဟ (ပြန်/ဆက်)