ရေကြည် မေ ၁၂
ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ရေကြည်မြို့နယ်တွင် နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)စီမံချက်အရ ဆောင်ရွက်မည့်(၂၀၂၆)ခုနှစ် မိုးစပါးစိုက်တောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ လုပ်ကိုင်ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၌ ယနေ့နံနက်(၉)နာရီခွဲအချိန်က စိုက်ပျိုးထုတ်လုပ်သည့် တောင်သူများအား ချေးငွေများ စတင်ထုတ်ပေးလျက်ရှိကြောင်းသိရသည်။
ရေကြည်မြို့နယ်တွင် (၂၀၂၆)ခုနှစ် မိုးစပါးစိုက်ပျိုးစရိတ်ထုတ်ချေးပေးရန် တောင်သူပေါင်း(၇၁၆၀)ဦး၊ စိုက်ပျိုးမည့်ဧက(၄၆,၀၀၀)ဧက၊ ချေးငွေကျပ်သိန်းပေါင်း (၁၃,၈၀၀)သန်းကို လျာထားလျက်ရှိပြီး ယနေ့တောင်လယ်ကျေးရွာအုပ်စုတွင် တောင်သူ(၃၀)ဦး၊ စိုက်ဧက(၂၁၁)ဧက၊ ငွေကျပ် (၆၃,၃၀၀,၀၀၀)သိန်းကိုစတင်၍ ထုတ်ချေးပေးခဲ့သည်။
ရေကြည်မြို့နယ်တွင် မိုးစပါးစိုက်ပျိုးထုတ်လုပ်သည့် ကျေးရွာအုပ်စု (၇၅) အုပ်စုရှိရာ တစ်ဧကလျှင် ကျပ်သုံးသိန်းနှုန်းဖြင့် မေလ(၁၂)ရက်နေ့မှစတင်၍စက်တင်ဘာလကုန် အထိ မိုးစပါးစိုက်ပျိုးစရိတ် ချေးငွေများကို ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း ရေကြည်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမန်နေဂျာထံမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)