ပန်းတနော်မြို့နယ်၌ သဘာဝဘေးအန္တရာယ်များ ကူညီကယ်ဆယ်နိုင်ရေးအတွက် ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များနှင့် ပစ္စည်းကိရိယာများ အသင့်စုဖွဲ့ပြင်ဆင်

ပန်းတနော် မေ ၁၂

ဧရာဝတီတိုင်းဒေသကြီးအတွင်း သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားပေါ်ပေါက်လာပါက ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်ဆောင်ရွက်နိုင်ရန်အတွက် ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များနှင့် ကယ်ဆယ်ရေးပစ္စည်းများ အသင့်စုဖွဲ့ထားရှိခြင်းကို ယမန်နေ့နံနက်ပိုင်းက မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်မီးသတ်ဦးစီးမှူးရုံး၌ ဆောင်ရွက်ခဲ့ပါသည်။

ထိုသို့ ပြင်ဆင်ဆောင်ရွက်ရာတွင် ဧရာဝတီတိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးအောင်ဆွေဝင်း၏ လမ်းညွှန်မှုဖြင့် ပန်းတနော်မြို့နယ်မီးသတ်ဦးစီးမှူး ဦးမောင်မောင်ဦး ဦးဆောင်ကာ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင် ၃၅ ဦးတို့က မိမိတို့အား ပေးအပ်ထားသည့် ရှာဖွေကယ်ဆယ်ရေးသုံး ပစ္စည်းကိရိယာများအား စနစ်တကျစစ်ဆေးခြင်းနှင့် အရေးပေါ်အခြေအနေတွင် ချက်ချင်းထွက်ခွာနိုင်ရန် အသင့်စုဖွဲ့ ပြင်ဆင်ထားရှိခြင်းများကို လုပ်ဆောင်ခဲ့ကြခြင်း ဖြစ်သည်။

 ပန်းတနော်မြို့နယ်အတွင်း မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို အချိန်မီကာကွယ်စောင့်ရှောက်နိုင်ရန်အတွက် ယခုကဲ့သို့ ကြိုတင် ပြင်ဆင်မှုများ ဆောင်ရွက်ထားရှိခြင်းဖြစ်ကြောင်း သိရသည်။

မိဘပြည်သူများအနေဖြင့်လည်း မိမိတို့ဒေသအတွင်း အရေးပေါ်တစ်စုံတစ်ရာ ဖြစ်ပွားပေါ်ပေါက်လာပါက ပန်းတနော်မြို့နယ်မီးသတ် ဦးစီးမှူးရုံး၏ အရေးပေါ်ဖုန်းနံပါတ် ၁၉၁ နှင့် ၀၄၆-၂၂၃၀၂၁၉ သို့ အချိန်မရွေး ဆက်သွယ်သတင်းပေးပို့ အကူအညီတောင်းခံနိုင်ကြောင်း သိရှိရပါသည်။

မြို့နယ်(ပြန်/ဆက်)