ကျောင်းကုန်းမြို့၌ ၂၀၂၆ ခုနှစ် လေးထပ်ကွမ်းလူရည်ချွန် မကောင်းဆုဟံသာအား ဂုဏ်ပြုချီးမြှင့်

ကျောင်းကုန်း မေ ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ပညာ့ဗိမာန်ခန်းမ၌ ၂၀၂၆ ခုနှစ် လေးထပ်ကွမ်းလူရည်ချွန် မကောင်းဆုဟံသာအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုကိုဦးက ဂုဏ်ပြုစကားပြောကြားခဲ့ပြီး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ထိန်ဝင်းက ထပ်ဆင့်ဂုဏ်ပြုစကား ပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဦးကျော်လှိုင်က လူရည်ချွန်ရွေးချယ်ပုံအကြောင်းပြောကြားခဲ့ပြီး၊ လေးထပ်ကွမ်းလူရည်ချွန် မကောင်းဆုဟံသာက တောင်ကြီးလူရည်ချွန် စခန်းအတွေ့အကြုံများကို ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ရပ်မိရပ်ဖများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဆရာ/မများက ဂုဏ်ပြုချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)