ငပုတောမြို့နယ် သုံးခွကျေးရွာအုပ်စု၊ မကျည်းပင်‌ကျေးရွာတွင် လွှတ်တော်ကိုယ်စားလှယ်များနှင့် ဒေသခံပြည်သူများတွေ့ဆုံပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်

ငပုတော မေ ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်သန်းမြင့်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမင်းမင်းကျော်၊ တိုင်းဒေသကြီး လွှတ်ဝောာ်ကိုယ်စားလှယ် ဒေါ်နမ့်အေးအေးကြူနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက သုံးခွကျေးရွာအုပ်စု၊ မကျည်းပင်‌ကျေးရွာတွင် လွှတ်တော်ကိုယ်စားလှယ်များနှင့် ဒေသခံပြည်သူများတွေ့ဆုံပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်သည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်က လွှတ်တော်ကိုယ်စားလှယ် များသည် ပြည်သူကရွေးချယ်တင်မြှောက်ထားသော ဒေသခံပြည်သူများဖြစ်သည့်အတွက် မိမိဒေသဖွံ့ဖြိုးတိုးတက်ရေးပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့်‌ ဒေသဖွံ့ဖြိုးတိုးတက် လုပ်ငန်းများအတွက် ဒေသခံပြည်သူများက လိုအပ်သည်များကို တင်ပြဆွေးနွေးသွားရန် ပြောကြားခဲ့ပြီး တိုင်းဒေသကြီးဒေသကိုယ်စားလှယ်(၂)ဦးက မိတ်ဆက်စကားပြောကြားခဲ့သည်။ ဆက်လက်ပြီးကျေးရွာရှိ ဒေသခံပြည်သူများက ကျေးရွာလိုအပ်ချက်များကို တင်ပြဆောင်ရွက်ရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တို့က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ဆက်လက်ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှင့် ကျေးရွာတာဝန်ခံများသည် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ရက် (၁၀၀) စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား မကျည်းပင်ကျေးရွာ စာသင်ကျောင်းတွင် တိုက်နယ်မှူးနှင့်ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေးစာရေးများက မြေပြင်အရောက် ကွင်းဆင်း၍ ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးပြီး ဒေသခံပြည်သူများထံ နိုင်ငံသားစိစစ်ရေး ကတ်ပြားများနှင့် Unique ID နံပါတ်ကတ်ပြားများကို လက်ဝယ်အရောက် ပေးအပ်ခဲ့သည်။

ဆက်လက်ပြီး လွှတ်တော်ကိုယ်စားလှယ်များ၊ လမ်းအထူးအဖွဲ့နှင့် တံတားအထူးအဖွဲ့မှ တာဝန်ရှိသူများသည် အထက်ပြွန်ကျေးရွာအုပ်စုရေပေါ်လေးကျေးရွာရှိ ရေပေါ်လေးတံတားအား ကြမ်းခင်းပြန်လည်ပြုပြင်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုနှင့် လပ္ပတာ(ကျောက်ဖျာလေး)-သုံးခွ-အုတ်တွင်း-ထိပ်စွန်းလမ်း မိုင်တိုင်အမှတ် (၂၃/၁) မှ (၂၃/၅.၅) ဖာလုံအထိ အမာခံလမ်းကို ကတ္တရာလမ်းအသစ်အဖြစ် အဆင့်မြှင့်တင်ခြင်းအား ၂၀၂၆-၂၀၂၇ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်နိုင်သွားနိုင်မည့် အခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

အောင်သူ(ပြန်/ဆက်)