ဘိုကလေး မေ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၌ အ.ထ.က(မြင်းကကုန်း)ကျောင်းမှ G-9 ကျောင်းသူ မစုရတီမြင့်နှင့် အ.လ.က(၂)ကျောင်းမှ G-9 ကျောင်းသား မောင်ဇွဲမြတ်ပိုင်လင်းတို့ လူရည်ချွန်(၂)ဦး ပေါ်ထွက်ခဲ့ရာ ယနေ့နံနက် (၇) နာရီအချိန်တွင် ၎င်းလူရည်ချွန်မောင်မယ် (၂)ဦးအား ကြိုဆိုဂုဏ်ပြုပွဲကျင်းပဆောင်ရွက်သည်။
ကြိုဆိုရာတွင် ဘိုကလေးမြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းရှေ့မှစတင်၍ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်နှင့်ကော်မတီဝင်များ၊ မြို့နယ်ပညာရေးမှူး ဦးနန်းထိုက်ကျော် အပါအဝင် ဌာနဆိုင်ရာများ၊ ပညာရေးဝန်ထမ်းများ၊ ကျောင်းသား/သူများ တက်ရောက်၍ ပန်စည်း၊ ပန်းကုံး၊ သပြေခက်စသော လက်ဆောင်များ ပေးအပ်ကြိုဆိုခဲ့ကြသည်။
ဆက်လက်၍ ဂုဏ်ပြပွဲမြို့တော်ခန်းမ၌ ဆက်လက်ကျင်းပရာ ဘိုကလေးမြို့၊ အ.ထ.က(၁) ကျောင်းသူ ဆို၊ က၊ ရေး၊ တီး ဗဟိုအဆင့် ရွှေတံဆိပ်ဆုရှင် မအေးငြိမ်းသူက လူရည်ချွန် သီချင်းသီဆို၍ ဂုဏ်ပြပွဲအားဖွင့်လှစ်ခြင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစန်းမောင်နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်တို့က ယခုကြိုဆိုဂုဏ်ပြုပွဲ တက်ရောက်လာကြသည့် ကျောင်းသား/သူများသည် လူရည်ချွန်များအား အားကျအတုယူ၍ ၎င်းတို့ကဲ့သို့ ကြိုးစားချင်စိတ်များ ဖြစ်ပေါ်လာရေးအတွက် ယခုကြိုဆိုဂုဏ်ပြုပွဲအား ကျင်းပခြင်း ဖြစ်ကြောင်း၊ လူရည်ချွန်များကလည်း ထာဝရလူရည်ချွန်များ ဖြစ်ပေါ်စေရေး အစဉ်တစိုက် ကြိုးပမ်းအားထုတ်နေထိုင်ပြုမူကြရန် လိုအပ်ကြောင်း ဂုဏ်ပြုအမှာစကားအသီးသီး ပြောကြားခြင်း၊ လူရည်ချွန်များအား တာဝန်ရှိသူများက ဂုဏ်ပြုဆုအသီးသီးချီးမြှင့်ခြင်း၊ အ.ထ.က(၃) ကျောင်းသား/သူများက မြန်မာ့ကျောင်းသီချင်း ဂုဏ်ပြုသီဆိုခြင်းတို့ ကျင်းပဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)