အင်္ဂပူ မေ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်ထူးကြီးမြို့၊ အမှတ်(၁)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် အစိုးရသစ်၏ ရက်(၁၀၀)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
အစိုးရအသစ်၏ရက် (၁၀၀) စီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ အင်္ဂပူမြို့နယ် ဦးစီးမှူးရုံးမှမြို့နယ် ဦးစီးမှူးဦးသိန်းရင် ကြီးကြပ်မှုဖြင့်ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေးစာရေးများက ကွင်းဆင်း၍ဒေသခံပြည်သူများအား အသက်(၁၀) နှစ်ပြည့်နှင့်(၁၈)နှစ်ပြည့်နိုင်ငံသား စိစစ်ရေးကတ်ပြားအသစ် ပြုလုပ်လိုသူများအား လိုအပ်သည့်အချက်အလက်၊ အထောက်အထားများ ဖြည့်စွက်ကာ စိစစ်ထုတ်ပေးခဲ့ပြီး ဇီဝဆိုင်ရာအချက်အလက် ကောက်ယူခြင်းလုပ်ငန်းများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါလုပ်ငန်းများ ဆောင်ရွက်နေမှုကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးဌေးဝင်း၊ တိုင်းဒေသကြီး(၁) လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဇော်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
မန်းကျော်(ပြန်/ဆက်)