ကျုံပျော်၌ မဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရဆရာတော်အား ဂုဏ်ပြုပူဇော်ပွဲပြုလုပ်

ကျုံပျော် မေ ၁၁

မဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ နိုင်ငံတော်ဗဟိုသံဃဝန်ဆောင် ဆရာတော်ဘဒ္ဒန္တပညာသီဟအား ထပ်ဆင့်ဂုဏ်ပြုပူဇော်ပွဲကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ သရက်ကုန်းကျေးရွာ လောကရန်ကင်း ကျောင်းတိုက်၌ ယမန်နေ့နံနက်က ပြုလုပ်သည်။

ဦးစွဧည့်ပရိတ်သတ်များက မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညာစက္က (ရေစခန်းပရဟိတကျောင်း) ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ပြီး၊ မေတ္တာသုတ်ပရိတ်တရားတော်များ နာကြားကာ၊ ဘွဲ့တံဆိပ်တော်ရ ဆရာတော်၏ ထေရုပ္ပတ္တိကို ဖတ်ကြားခဲ့သည်။

ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်ထွန်းက မဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်နှင့် အဆောင် အယောင်များအားလည်းကောင်း၊ ရဲတပ်ဖွဲ့မှူး ရဲမှူးချိုနိုင်ဝင်းမှ ဘွဲ့တံဆိပ်တုံး သေတ္တာအားလည်းကောင်း ဘွဲ့ခံဆရာတော်ထံ ဆက်ကပ်လှူဒါန်းကြသည်။ ယင်းနောက် ဌာနဆိုင်ရာများနှင့်  အလှူရှင်များက သံဃာတော်များထံ သင်္ကန်းနှင့် နဝကမ္မအလှူငွေ တဆယ့်ခုနှစ်သိန်း ဆက်ကပ်လှူဒါန်းပြီး၊  အနုမောဒနာတရား နာကြားက လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြောင်း သိရသည်။

 နေဝင်းမြင့်(ပြန်/ဆက်)