ကြံခင်းမြို့၌ ၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ကြက်ခြေနီနေ့အခမ်းအနားနှင့် ဂုဏ်ပြုလွှာပေးအပ်ပွဲ အခမ်းအနားကျင်းပ

ကြံခင်း မေ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဧရာဦးခန်းမ၌ ၂၀၂၆ ခုနှစ်၊ မေလ ၈ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ကြက်ခြေနီနေ့နှင့် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲအခမ်းအနားကို မေ ၈ ရက်နေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ အလှူရှင်မိသားစုများ တက်ရောက်ကြသည်။

ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ခေတ္တဥက္ကဋ္ဌ ဦးကျော်မင်းထက်က ကြက်ခြေနီကို စတင်တည်ထောင်ခဲ့တဲ့ ဟင်နရီဒူးနန့်ရဲ့ မွေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ကမ္ဘာ့ကြက်ခြေနီ အခမ်းအနားများကို နိုင်ငံနှင့်အဝှမ်း မြို့နယ်အသီးသီးမှာ ကျင်းပလျက်ရှိပါကြောင်း၊ ကြက်ခြေနီနေ့ကို “ ညီညွတ်မှုအားနဲ့ တို့ကူညီလူသားချင်းစာနာတဲ့ ကြက်ခြေနီ " ဟု ဂုဏ်ပြုဆောင်ပုဒ်နှင့်အညီ ပြည်သူ့အကျိုးပြုလုပ်ငန်းများကို ကျရာတာဝန်ကနေ ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းပြောကြားလိုပါကြောင်း အမှာစကားပြောကြားပြီး၊ မြို့နယ်ကြက်ခြေနီအသင်းကော်မတီအဖွဲ့ဝင် ဦးရဲထွန်းအောင်က ကြက်ခြေနီအကြောင်းသိကောင်းစရာများအား ရှင်းလင်းပြောကြား သည်။ ဆက်လက်၍ ဒေါက်တာဝင်းနိုင် (ကျန်းမာရေးဦးစီးဌာနမှူး - ငြိမ်း) က မုဒိတာစကားပြောကြားပြီး၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ တပ်ဖွဲ့မှူး ဒေါ်မိုးမင်းစန်းက တပ်ဖွဲ့မှ ပြည်သူ့အကျိုးပြုလုပ်ငန်းများအား ပူးပေါင်းဆောင်ရွက်ပေးနေမှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်ကြက်ခြေနီအသင်း ရုံးဆောက်လုပ်ရန်အတွက် အလှူရှင် ဒေါက်တာအောင်ကျော်ဆန်း၊ မိသားစုက မြေရာပိုင်ဆိုင်မှုအချက်အလက်များအား တာဝန်ရှိသူများအထံ ပေးအပ်ပြီး၊ ဒေါက်တာဝင်းနိုင် (ကျန်းမာရေးဦးစီးဌာနမှူး - ငြိမ်း) မှ အလှူရှင်မိသားစုအား ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ကာ မြို့နယ်ကြက်ခြေနီအသင်းကော်မတီဥက္ကဋ္ဌ ဒေါ်ခင်ခင်စန်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ယင်းနောက် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြကြောင်း သိရသည်။

ဖြိုးဝေလင်း (ပြန်/ဆက်)