ပုသိမ် မေ ၁၀
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း(ARCCI)တို့ မိတ်ဆက်တွေ့ဆုံပွဲကို ယမန်နေ့နံနက်က တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင်ပြုလုပ်ခဲ့ရာ တွေ့ဆုံပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ တိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ယခုကဲ့သို့ တွေ့ဆုံဆွေးနွေးနိုင်ခြင်းသည် ဒေသစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးသည့်ပူးပေါင်း ဆောင်ရွက်မှုတစ်ရပ်ဖြစ်ပါကြောင်း၊ ဒေသ၏ အဓိကစီးပွားရေးအင်အားဖြစ်သည့် စိုက်ပျိုးရေးကဏ္ဍ၊ မွေးမြူရေးကဏ္ဍနှင့် ရေလုပ်ငန်းကဏ္ဍများကို အခြေခံ၍ Value-added ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေး၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးလာရေးနှင့် ပြည်တွင်း၊ ပြည်ပ ဈေးကွက်များ ချိတ်ဆက်နိုင်ရေးအတွက် ပုဂ္ဂလိကကဏ္ဍ၏ ပါဝင်မှုသည် အလွန်အရေးကြီးပါကြောင်း၊ တိုင်းဒေသကြီး၏ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး၊ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တာဝန်ရှိသူများအားလုံး စည်းလုံးညီညွတ်စွာ တက်ညီလက်ညီ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြစေလိုကြောင်း” ပြောကြားသည်။
ထို့နောက် ဧရာဝတီတိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၊ ဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူးနှင့် တွဲဖက်အထွေထွေအတွင်းရေးမှူးတို့က ဧရာဝတီ တိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၏ ရှေ့လုပ်ငန်းစဉ်များ၊ ရုံးအဆောက်အဦ၏ စီမံကိန်းလုပ်ငန်းများ၊ MSME လုပ်ငန်းများဖွံဖြိုးတိုးတက်ရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်ရေး၊ ရင်းနှီးမြှုပ်နှံမှုများတိုးတက်ရေး၊ ဒေသစီးပွားရေးတည်ငြိမ်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာသည့် အသင်းသားများက တစ်ဦးချင်းမိတ်ဆက် တင်ပြခဲ့သည်။
ဆက်လက်၍ တွေ့ဆုံပွဲသို့တက်ရောက်လာသည့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် ဧရာဝတီတိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ အထွေထွေဆွေးနွေးတင်ပြချက်များအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ပြီး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
လှမင်းထွဋ်(ပြန်/ဆက်)