ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မြို့အင်္ဂါရပ်နှင့်အညီ ဖြစ်စေရေး ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေး

ပုသိမ် မေ ၁၀

ဧရာဝတီတိုင်းဒေသကြီး၏မြို့တော် ပုသိမ်မြို့အား မြို့အင်္ဂါရပ်နှင့်အညီ ဖြစ်စေရေး၊ မြို့သန့်ရှင်းသာယာလှပရေးတို့အတွက် ဌာနဆိုင်ရာများနှင့် ပြည်သူများပူးပေါင်းဆောင်ရွက်ရှိရာ ထိုကဲ့သို့ ဆောင်ရွက်နေမှုများကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ ပုသိမ်မြို့အတွင်းသို့ လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ တာဝတိံသာဘုရားဝန်းအတွင်း၌ ဌာနဆိုင်ရာများနှင့် ပြည်သူများပူးပေါင်း၍ သန့်ရှင်းရေး ဆောင်ရွက်နေမှုများကိုလည်းကောင်း၊ ဇီဇဝါလမ်း၊ ဈေးချောင်းတွင် စည်ပင်သာယာရေးအဖွဲ့မှ ရေစီးရေလာကောင်းမွန်ရေးအတွက် ဆောင်ရွက်နေမှုအားလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား အမှိုက်များ စနစ်တကျ စွန့်ပစ်စေရေးနှင့် ပတ်ဝန်း ကျင်သန့်ရှင်းမှုရှိစေရေး၊ ရေမြောင်းများရေစီးရေလာ ကောင်းမွန်ရေးအတွက် စနစ်တကျဆောင်ရွက်ရေးတို့ကို အလေးထားလိုက်နာဆောင်ရွက်သွားရန် မှာကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပုသိမ်မြို့၊ ကမ်းနားလမ်း ကုန်စည်ဒိုင်ဝန်းသို့ သွားရောက်၍ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ပုသိမ်ဆိပ်ကမ်းပိုင်ကမ်းနားနယ် အမှတ်(၁) တံတားဝန်းရှိ ချောင်းသာ-ငွေဆောင်- မော်တင်ကားဂိတ်များ ပြုပြင်ဆောက်လုပ်ရန်အတွက် ကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြချက်အပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆိုင်ခန်းနေရာချထားမှုများ သတ်မှတ်နေရာများတွင် စနစ်တကျရှိစေရေး၊ ကျူးကျော်ဆောက်လုပ်မှုများမရှိစေရေး၊ ခရီးသည်နားနေဆောင်များ စနစ် တကျရှိစေရေး၊ ကုန်စည်ဒိုင်ဝန်းအတွင်း သန့်ရှင်းသပ်ရပ်မှုရှိစေရေးနှင့် လိုအပ်သည်များကို မှာကြားခဲ့သည်။

တိုင်းဒေသကြီး(ပြန်/ဆက်)