ဝါးခယ်မ မေ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ရေလိန်ကျေးရွာအုပ်စု၊ ရေလိန်ကျေးရွာ ကွင်းအမှတ် ၁၀၁၄ က (ရေလိန်ကွင်း)၊ ဦးပိုင်အမှတ် ၁ က / ၂ ၊ တောင်သူ ဦးခင်မောင်ရီ၏ လယ်မြေတွင် ယနေ့နံနက် ၉ နာရီက မြေဆီလွှာဖွံ့ဖြိုးတိုးတက်စေရေး သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) စုပေါင်းကြဲပက်ခြင်းကို ပြုလုပ်ခဲ့သည်။
ဦးစွာ တက်ရောက်လာကြသည့် ရေလိန်ကျေးရွာအပါအဝင် အနီးအနားရှိကျေးရွာများမှ တောင်သူများအား စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက မိုးစပါးမစိုက်ပျိုးမီ ပိုက်ဆံလျှော် မြေခံစိုက်ပျိုးခြင်းဖြင့် မြေဆီလွှာကောင်းမွန်ပြီး သွင်းအားစုဓါတ်မြေဩဇာများ လျှော့ချသုံးစွဲနိုင်မည်ဖြစ်ကြောင်း၊ သီးနှံအထွက်တိုးကာ တောင်သူများ ဝင်ငွေတိုးပွားစေမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် တာဝန်ရှိသူများက တောင်သူများအား ပိုက်ဆံလျှော် မျိုးစေ့များပေးအပ်ခဲ့ကြပြီး တက်ရောက်လာသူများက တောင်သူဦးခင်မောင်ရီ၏ လယ်မြေဧရိယာ (၃) ဧကတွင် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) စုပေါင်းကြဲပက်ခဲ့ကြကြောင်း သိရသည်။
လွှမ်းသီဟ (ပြန်/ဆက်)