ပုသိမ် မေ ၈
၂၀၂၆ ခုနှစ်၊ ဧကာဒသမတန်းလူရည်ချွန်စခန်း(ငွေဆောင်)နှင့် အဆင့်မြင့်ပညာအဆင့် လူရည်ချွန် စခန်း(ချောင်းသာ) စခန်းဖွင့်ပွဲ အခမ်း အနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါစခန်းများ၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်နှင့် ဇနီး၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးသိန်းထွန်းနှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ ပုသိမ် လေတပ်စခန်း ဌာနချုပ်မှူးနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ လူရည်ချွန် မောင်/မယ်များ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ၂၀၂၆ ခုနှစ်၊ လူရည်ချွန်စခန်း (ငွေဆောင်) မုခ်ဦးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူး ခဲ့သည်။ ယင်းနောက် ယမုံနာဦးဟိုတယ်ခန်းမတွင် အခမ်းအနားအား ဆက်လက်ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က “နိုင်ငံတော်သည် “ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေးအတွက် လိုအပ်သည့် လူစွမ်းအားအရင်းအမြစ်များ မွေးထုတ်နိုင်ရန် ဘက်စုံပညာရေးကဏ္ဍမြှင့်တင်ရေး" ကို လူမှုရေး ဦးတည်ချက်အဖြစ် ချမှတ်ထားပါကြောင်း၊ နိုင်ငံတော်မှ ဘက်စုံထူးချွန်သည့် ကျောင်းသား လူငယ်များအတွက် ဂုဏ်ပြုချီးမြှင့်သည့် အစီအစဉ်များကို ခေတ်အဆက်ဆက် ဆောင်ရွက်ခဲ့ပါကြောင်း၊ လူရည်ချွန်မောင်မယ်များအနေဖြင့် ဝိဇ္ဇာနှင့်သိပ္ပံပညာရပ်များကို ကျွမ်းကျင်စွာ တတ်မြောက်မှုရှိရန်၊ ICT နည်းပညာကိုတတ်မြောက်မှုရှိရန်၊ မိမိနိုင်ငံတော်ကို ထိန်းသိမ်း ကာကွယ် စောင့်ရှောက်နိုင်သည့် နိုင်ငံ့သားကောင်း၊ သမီးကောင်း ရတနာများဖြစ်စေရန်နှင့် မိမိတို့၏ ဘဝတိုးတက်စေရန်အတွက် ကိုယ်ရည်ကိုယ်သွေးကျွမ်းကျင်မှုများရှိလာစေရန် အစဉ်သင်ယူလေ့လာ နေရမည် ဖြစ်ပါကြောင်း” အမှာစကားများပြောကြားခဲ့ပြီးနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လူရည်ချွန်မောင်/မယ်များအား ရင်ထိုးတံဆိပ်များတစ်ဦးချင်းစီ ဂုဏ်ပြုချီးမြှင့် အပ်နှင်းခဲ့သည်။
ဆက်လက်၍ လူရည်ချွန်စခန်း(ငွေဆောင်) စခန်းမှူးနှင့် လူရည်ချွန်ကြီးများက တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူထံများသို့ အမှတ်တရလက်ဆောင်ပစ္စည်းများ ဆက်လက်ပေးအပ်ခဲ့ပြီး နောက် လူရည်ချွန်စခန်းနှင့်ပတ်သက်၍ ငွေဆောင်လူရည်ချွန်စခန်းမှူးက ရှင်းလင်းတင်ပြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ကျောင်းသား၊ ကျောင်းသူလေးများ၏ ကရင်ဒုံးယိမ်းအကအားကြည့်ရှုအားပေးခဲ့ပြီးနောက် လူရည်ချွန် မောင်မယ်များက “ဇာတိမာန်” သီချင်းဖြင့် ဂုဏ်ပြုသီဆို၍ လူရည်ချွန်စခန်း(ငွေဆောင်) စခန်း ဖွင့်ပွဲအခမ်းအနားအား ရုပ်သိမ်းခဲ့ပြီး လူရည်ချွန်မောင်မယ်များနှင့် စုပေါင်းမှတ်တမ်း ဓါတ်ပုံ ရိုက်ကူးခဲ့ကာ ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် လူရည်ချွန်စခန်း (ချောင်းသာ)စခန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က တာဝန်ရှိသူများနှင့်အတူ လူရည်ချွန်စခန်း(ချောင်းသာ)မုခ်ဦးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကာ ဖျော်ဖြေရေးအဖွဲ့များအား ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။
ထို့နောက် AKARIZ (ဧကရာဇ်) ဟိုတယ်၌ အခမ်းအနားကို ဆက်လက်ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားများ ပြောကြားပြီး ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက အမှာစကားဆက်လက် ပြောကြား၍ လူရည်ချွန်စခန်း(ချောင်းသာ)စခန်းမှူးက လူရည်ချွန်စခန်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြ ခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက လူရည်ချွန်မောင်/မယ်များအား ရင်ထိုးတံဆိပ်များအား တစ်ဦးချင်းစီ ဂုဏ်ပြုချီးမြှင့်အပ်နှင်းခဲ့ပြီးနောက် လူရည်ချွန် မောင်မယ်များနှင့် လူရည်ချွန်ကြီးများက တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများထံသို့ အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ပုသိမ်တက္ကသိုလ်မှ ကျောင်းသူလေးများ၏ “မမပုသိမ်သူ” သီချင်းဖြင့်ကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဧည့်သည်တော်များ၊ လူရည်ချွန်မောင်/မယ်များသည် စုပေါင်းမှတ်တမ်းဓါတ်ပုံရိုက်ကူးခဲ့ကြကာ လူရည်ချွန်မောင်မယ်များအားနေ့လယ်စာဖြင့်တည်ခင်း ဧည့်ခံခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ငွေဆောင်လူရည်ချွန်စခန်းတွင် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးမှ ဧကာဒသမတန်း လူရည်ချွန်မောင်မယ် (၁၃၃)ဦး၊ ချောင်းသာလူရည်ချွန်စခန်းတွင် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးမှ အဆင့်မြင့်ပညာအဆင့် လူရည်ချွန်မောင်မယ်(၂၉၁)ဦးနှင့် ကြီးကြပ် ဆရာ၊ ဆရာမများက မေလ(၆)ရက်နေ့မှ မေလ(၁၀)ရက် နေ့နံနက်ပိုင်းအထိ ယာယီစခန်းချ နေထိုင်သွားမည်ဖြစ်ပြီး ခရီးစဉ်တစ်လျောက် အဆင်ပြေချောမွေ့စွာ သွားလာနေထိုင်နိုင်ရေးအတွက် တာဝန်ရှိသူများက အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)