သထုံမြို့နယ်၌ လွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တွေ့ဆုံပွဲပြုလုပ်

သထုံ ဧပြီ ၃၀

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် လွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေး‌ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ တွေ့ဆုံပွဲကို ယ‌မန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မြင့်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးချမ်းမုံနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်လေးမိုးသူတို့က တစ်ဦးချင်းမိတ်ဆက်ကြပြီး မိမိတို့အနေဖြင့် ဆက်လက်ကျင်းပမည့် လွှတ်တော်အစည်းအ‌ဝေးများ၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် မေးခွန်းများ၊ အဆိုများတင်ပြသွားမည်ဖြစ်‌ကြောင်း၊ ပြည်သူ့အသံများကို လွှတ်တော်ထဲအရောက် ပို့ချင်ပါသောကြောင့် ပြည်သူ့လိုအပ်ချက်များသိရှိနိုင်ရေး မြေပြင်ကွင်းဆင်း အလုပ်လုပ်ကြရမည်ဖြစ်ရာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ကြစေလိုကြောင်း ရှင်းလင်းပြောကြားကြသည်။

ယင်းနောက် မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးစိုးက မိမိတို့အနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အစဉ်တစိုက် ဆောင်ရွက်နေပါကြောင်း ယခုအခါ လွှတ်တော်ကိုယ်စားလှယ်များ ပူးပေါင်းဆောင်ရွက်ကြမည်ဖြစ်ရာ ပိုမိုကောင်းမွန်သည့်ရလာဒ်များ ရရှိလာတော့မည်ဖြစ်ကြောင်း တာဝန်ရှိသူများအနေဖြင့် တရားမဝင်ကုန်ပစ္စည်းများ ထိန်းချုပ်‌ရေး၊ ပူပြင်းသည့်ရာသီဖြစ်သဖြင့် မီးဘေးအပြင် ကျန်းမာရေးကိုဂရုပြုကြရေး၊ မိုးဦးကာလနီးကပ်လာသဖြင့် သဘာဝဘေးအတွက် ကြိုတင်ပြင်ဆင်ထားကြ‌ရေး၊ ထူးခြားမှုရှိလျှင် အချိန်မီသတင်းပေးပို့ကြရေး၊ မူးယစ်ဆေးဝါးရောင်းဝယ်မှုများ၌ ဝန်ထမ်းများ ပတ်သက်မှုမရှိရေးနှင့် ‌လက်ရှိဆောင်ရွက်နေသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်လိုသည်တို့ကို လွှတ်တော်ကိုယ်စားလှယ်များနှင့် ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်ကြရေးတို့ကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ပညာရေး၊ ကျန်းမာရေး၊ လျှပ်စစ်မီးရရှိရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ရေရှိရေး စသည့် သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်နေသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ရှင်းလင်းပြောကြားကြပြီး တက်ရောက်လာကြသည့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများက မိမိတို့ရပ်ရွာအလိုက် လိုအပ်ချက်များနှင့် ဆောင်ရွက်ပေးစေလိုသည်တို့ကို တင်ပြဆွေးနွေးကြရာ လွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌတို့က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ သထုံမြို့နယ်အတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေး‌ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)