သထုံ မေ ၃
မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင်အဖွဲ့(ဗဟို)မှကြီးမှူး၍ ကျင်းပပြုလုပ်သည့် (၁၃)ကြိမ်မြောက် သုတစုံလင်ဗုဒ္ဓဝင် ဖြေဆိုပူဇော်ပွဲ၏ မွန်ပြည်နယ်အဆင့် အရည်အချင်းစစ်စာမေးပွဲကို ယမန်နေ့နံနက်က သထုံမြို့၊ ရွှေစာရံစေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်ရှိ သုဝဏ္ဏဘူမိသာသနာ့ဗိမာန်တော်၌ ကျင်းပပြုလုပ်သည်။
ဦးစွာ စာမေးပွဲကျင်းပရေး နာယကဆရာတော်ကြီးများ၊ ကြီးကြပ်ရေးအဖွဲ့များ၊ ဖြေဆိုကြမည့် ကျောင်းသားကျောင်းသူများနှင့် တက်ရောက်လာသူ အပေါင်းတို့က နမောတဿ သုံးကြိမ်ရွတ်ဆို ဖွင့်လှစ်ကြပြီး ကြီးကြပ်ရေးအဖွဲ့မှ ဆရာတော်က စာဖြေသူများ လိုက်နာကြရမည့် စည်းကမ်းတို့အား ရှင်းလင်းမိန့်ကြားသည်။
ဖြေဆိုပူဇော်ရာတွင် သထုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများမှ သာမဏေနှင့်ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၂၇ ဦးတို့ အေးချမ်းစွာ ဝင်ရောက်ဖြေဆိုပူဇော်ခဲ့ကြရာ စာဖြေသူများ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် ကြီးကြပ်ရေးဆရာတော်များနှင့် ကြီးကြပ်ရေးအဖွဲ့ဝင် လူပုဂ္ဂိုလ်များ၊ တာဝန်ရှိသူများတို့က ကြီးကြပ်စောင့်ရှောက်ပေးကြပြီး အလှူရှင်များတို့က အချိုရည်များ၊ လှူဖွယ်၀တ္တုများ ဆပ်ကပ်လှူဒါန်းခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်းတို့ကို ဆောင်ရွက် ပေးခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)