ပေါင် မေ ၂
မွန်ပြည်နယ် ပေါင်မြို့နယ်ရှိ ကျေးရွာများတွင် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဒေသခံတောင်သူများ တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားသည့် ဖူးစားပြောင်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ဒေသခံတောင်သူများက သီးနှံဝင်ငွေတိုးပွားစေရေးအတွက် ရိုးရိုးသကြားပြောင်းဖူးနှင့် ကောက်ညှင်းပြောင်းဖူးများကို အများဆုံးစိုက်ပျိုးကြပြီး ဒေသပေါက်စျေး တစ်ဖူးလျှင် ငွေကျပ် (၄၀၀) မှ (၅၀၀) ကျပ်အထိ မြို့ပေါ်စျေးများတွင် ရောင်းချရကြောင်း သိရသည်။
ပေါင်မြို့နယ်တွင် တောင်သူအများစုသည် မိုးစပါးများရိတ်သိမ်းပြီးအချိန်တွင် ဟင်းသီး ဟင်းရွက် စိုက်ပျိုးရေးလုပ်ငန်းများကို အားထားလုပ်ကိုင်ကြပြီး ဆောင်းသီးနှံစိုက်ပျိုးရာသီဖြစ်သော ဖူးစားပြောင်း၊ ခရမ်းချဉ်သီး၊ ပန်းဂေါ်ဖီ၊ မုန်လာဥဖြူ၊ ခရမ်းသီး၊ ရွှေဖရုံသီး၊ကျောက်ဖရုံသီး၊ ငရုတ်စသည့်သီးနှံများကို စိုက်ပျိုးကြသည်။၊ စိုက်ပျိုးထားသည့် သီးနှံများအောင်မြင် ဖြစ်ထွန်းစေရေးအတွက် စိုက်ပျိုးရေးနည်းပညာများနှင့် မျိုးကောင်းမျိုးသန့်များ မျိုးစေ့များပံ့ပိုး ပေးခြင်း၊ သီးနှံပိုးမွှားရောဂါ ကြိုတင်ကာကွယ်ရေးနည်းလမ်းများကို ကွင်းတာဝန်ခံ ဝန်ထမ်းများ က အနီးကပ် ကြီးကြပ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မွန်မလေး(ပြန်/ဆက်)