ပန်တောင်းမြို့နယ်၊ ရွှေဘုံသာကျေးရွာအုပ်စု၊ ညောင်ပင်သာကျေးရွာတွင် နို့စားနွားမွေးမြူသူများအား သဘာဝမြေသြဇာအသုံးပြုမှုဆိုင်ရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်

ပန်းတောင်း ဧပြီ ၃၀

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ ရွှေဘုံသာကျေးရွာအုပ်စု၊ ညောင်ပင်သာကျေးရွာတွင် နို့စားနွားမွေးမြူသူများအား သဘာဝမြေသြဇာအသုံးပြုမှုဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောပွဲကို ဧပြီ (၂၈)ရက်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါဟောပြောပွဲတွင် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးသင်းက နွားကျင်ငယ်ရည်ကို အခြေခံထားသော သဘာဝရွက်ဖျန်းမြေသြဇာ ပြုလုပ်နည်းအဆင့်ဆင့်ကို အသေးစိတ်ရှင်းလင်းပြီး လယ်ယာလုပ်ငန်းများတွင် လက်တွေ့အသုံးချနိုင်ရေးအတွက် ဟောပြောခဲ့သည်။ ထို့အပြင် နွားကျင်ငယ်ရည်တွင်ပါဝင်သော အာဟာရဓာတ်များနှင့် ပိုးမွှားတားဆီးနိုင်စွမ်းများအကြောင်းကို ဗဟုသုတပေးဆွေးနွေးခဲ့ပြီး သဘာဝမြေသြဇာအသုံးပြုခြင်းဖြင့် မြေဆီလွှာအာဟာရ တိုးတက်လာနိုင်မှုနှင့် သီးနှံအရည်အသွေးကောင်းမွန်လာနိုင်မှုများကိုလည်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာရွှေရည်ထူးက နို့စားနွားများ၏ကျန်းမာရေးနှင့် ထုတ်လုပ်မှုစွမ်းအား တိုးတက်စေရေးအတွက် မွေးမြူရေးဘက်မှ လိုအပ်သောအချက်များကိုလည်း ထည့်သွင်းရှင်းလင်း ဆွေးနွေးဟောပြောခဲ့သည်။

ဟောပြောပွဲသို့ ဒေသခံနို့စားနွားမွေးမြူသူများ တောင်သူ (၂၆)ဦး တက်ရောက်ခဲ့ကြပြီး သဘာဝမြေသြဇာ ပြုလုပ်အသုံးပြုခြင်းနှင့်ပတ်သက်၍ မေးမြန်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

လပြည့်လင်း(ပြန်/ဆက်)