မိုးညို ဧပြီ ၃၀
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ ခုနှစ်၊ လုပ်ငန်းရာသီနှစ်အတွက် (ပထမ)အကြိမ် ဂရန်အင်းများ လေလံတင်ရောင်းချခြင်းနှင့် (ပထမ)အကြိမ် တင်ဒါချက်များအား လေလံတင်ရောင်းချခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက ရွှေဥဒေါင်းရပ်ကွက်ရှိ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနရုံး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဂရန်အင်းနှင့်တင်ဒါချက်များ လေလံတင်ရောင်းချခြင်းကို သာယာဝတီခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးတင်ထွန်း၊ မိုးညိုမြို့နယ်ငါးလုပ်ငန်း ဦးစီးဌာနမှူး ဦးမောင်လှနှင့်ဝန်ထမ်းများ၊ အင်းလေလံရောင်းချရေးကော်မတီဝင်များက မိုးညိုမြို့နယ်အတွင်းရှိ (ပထမ)အကြိမ်ဂရန်အင်းနှင့် (ပထမ)အကြိမ်တင်ဒါချက်များကို လေလံတင်ရောင်းချခဲ့ရာ ဂရန်အင်း (၇)အင်း ၆၂၀၅၀၀၀၀ ကျပ်နှင့် တင်ဒါချက်(၈)ချက် ၄၇၆၀၅၀၀၀ ကျပ်၊ စုစုပေါင်း ၁၀၉၆၅၅၀၀၀ ကျပ်အား ရေလုပ်သားကြီးများထံရောင်းချနိုင်ခဲ့ပြီး ကျန်ရှိသော ဂရန်အင်းနှင့် တင်ဒါချက်များအား မေလ ၁၅ ရက်နေ့တွင် ဒုတိယအကြိမ်ဆက်လက် ရောင်းချပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှသိရသည်။
ကိုမင်း(ပြန်/ဆက်)