ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ပဲခူး ဧပြီ ၃၀

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ယမန်နေ့မွန်းလွဲပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ ပြုလုပ်သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီး၏ လူဦးရေအားလုံး၏ ၇၅ ရာခိုင်နှုန်းခန့်သည် ကျေးလက်ဒေသများတွင် နေထိုင်သူများဖြစ်ကာ စိုက်ပျိုးရေး၊ မွေးမြူရေးကိုအခြေခံသည့် အသက်မွေးဝမ်းကြောင်းနေကြသူများဖြစ်ကြောင်း၊ တိုင်းဒေသကြီး၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် ကျေးလက်ဒေသရှိ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများအပေါ် အခြေခံထားသည့်အတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေး ထွက်ကုန်များ ပိုမိုတိုးတက်ထုတ်လုပ်လာနိုင်စေရေး ဘက်ပေါင်းစုံမှ နည်းလမ်းပေါင်းစုံဖြင့် မြှင့်တင်ပေးသွားရမှာဖြစ်ကြောင်း၊ မြို့နယ်အလိုက် မိသားစုတိုင်း အိမ်ထောင်စုတိုင်း စားသုံးနိုင်ရေး တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်သွားရမှာ ဖြစ်ကြောင်း၊ မွေးမြူရေးလုပ်ငန်းရှင်အသစ်များဖော်ထုတ်၍ များများတိုးချဲ့မွေးမြူနိုင်ရေး ချေးငွေထုတ်ချေးပေးသွားမှာဖြစ်ကာ သက်ဆိုင်ရာခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများက မြေပြင်ကွင်းဆင်းစိစစ်တင်ပြပေးရမှာဖြစ်ကြောင်း၊ ပြည်ပသွင်းကုန် အစားထိုး MSMEs လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး အားပေး မြှင့်တင်ရန်နှင့် သဘာဝမြေဩဇာထုတ်လုပ်သည့် လုပ်ငန်းများအတွက် ကုန်ကြမ်းပစ္စည်းများ လွယ်ကူစွာရရှိနိုင်ရေးနှင့် ဈေးနှုန်းသက်သာစွာ ပြန်လည်ရောင်းချနိုင်ရေး စီမံ ဆောင်ရွက်ပေးရမှာဖြစ်ကြောင်း၊ ရက် (၁၀၀) အတွင်း ဆောင်ရွက်မည့် စီမံချက်ပါအတိုင်း လုပ်ငန်းများ အောင်မြင်စွာပြီးစီးနိုင်ရေး လေးထားဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြား ခဲ့သည်။

ထို့နောက်တက်ရောက်လာသည့် ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများကမြို့နယ်အလိုက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်လျက်ရှိသည့် အခြေအနေနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစီမံချက်များအား Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ကြရာ သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက ကဏ္ဍအလိုက် ဖြည့်စွက်ရှင်းလင်းတင်ပြခဲ့ကြသည်။

ယင်းနောက် အစိုးရအဖွဲ့ဝင်ဝန်ကြီးများက စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ မွေးမြူရေးကဏ္ဍ တိုးချဲ့ဆောင်ရွက်နိုင်ရေးနှင့် ဒေသတွင်း MSMEs လုပ်ငန်းများ အရှိန်အဟုန်ဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး အကြံပြုသုံးသပ်တင်ပြခဲ့ကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မြို့နယ်တစ်ခုချင်းအလိုက် လိုအပ်သည်များ အသေးစိတ် ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)