ပေါင်းတည် ဧပြီ ၂၉
ပဲခူတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ဧပြီ ၂၈ ရက်နေ့ နေ့လည် ၁ နာရီက အကြိမ်(၄၀)မြောက် ဗုဒ္ဓဘာသာယဉ်ကျေးမှု စာမေးပွဲကျင်းပပြုလုပ်သည်။
ထိုစာမေးပွဲများကို နိုင်ငံတော်၏လမ်းညွှန်မှုနှင့်အညီ ယဉ်ကျေးလိမ္မာသော၊ ဘာသာတရားနှင့်အညီ ပြုမူနေထိုင်တတ်သော အနာဂတ် မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရေးအတွက် သက်ဆိုင်ရာမြို့နယ်သံဃနာယက အဖွဲ့များက ကြီးမှူးကျင်းပနေခြင်း ဖြစ်ကြောင်းသိရသည်။
အဆိုပါ စာမေးပွဲကို ပေါင်းတည်မြို့နယ်၌ အခြေခံပညာအထက်တန်းကျောင်း(မင်းကွက်) စာစစ်ဌာနတွင် ကျင်းပပြုလုပ်ရာ မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများမှ အခြေခံပညာမူလတန်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။
ပေါင်းတည်မြို့နယ်အနေဖြင့် ဗုဒ္ဓဘာသာယဉ်ကျေးမှုစာမေးပွဲဖြေဆိုရန် စာရင်းပေးထားသူ (၁၃၂)ဦးရှိခဲ့ပြီး လာရောက်ဖြေဆိုကြသူ စုစုပေါင်း(၁၃၀)ဦးရှိကြောင်း စာမေးပွဲကြီးကြပ်ရေးအဖွဲ့ထံမှ သိရသည်။
ရွှေသား(IPRD)