စစ်တွေ ဧပြီ ၂၈
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့၌ ကျင်းပမည့် ကဆုန်ညောင်ရေသွန်းပွဲတော် အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ တက်ရောက်ကြသည်။
ညှိနှိုင်းအစည်းအဝေးတွင် ကဆုန်ညောင်ရေသွန်းပွဲတော် ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးက ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ မြန်မာသက္ကရာဇ် ၁၃၈၈ခုနှစ်၊ ကဆုန်လပြည့်နေ့တွင် မြန်မာ့ရိုးရာ ဓလေ့ထုံးတမ်းအစဉ်အလာများနှင့်အညီ ကဆုန်ညောင်ရေ သွန်းပွဲတော်ကို စစ်တွေမြို့၊ လောကာနန္ဒာစေတီတော်မြတ်ကြီး ပရဝုဏ်အတွင်းရှိ ဗောဓိညောင်ပင်တွင် ခမ်းနားစွာဖြင့် အစဉ်အလာမပျက်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ကဆုန်ညောင်ရေသွန်းပွဲတော်နှင့်အတူ လောကာနန္ဒာစေတီတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေကအနေကဇာတင်ပူဇော်ပွဲကို ဦးစွာကျင်းပဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ပွဲတော်အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဦးစီးကော်မတီနှင့်လုပ်ငန်းကော်မတီများကို ဖွဲ့စည်းတာဝန်ပေးအပ်ထားပြီးဖြစ်ကြောင်း၊ နှစ်စဉ်ကဆုန်လပြည့်နေ့ရောက်တိုင်း ညောင်ရေသွန်းပွဲတော်ကို နိုင်ငံတစ်ဝန်း စည်ကားသိုက်မြိုက်စွာကျင်းပလျက်ရှိကြောင်း၊ ထို့ကြောင့် အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများက ယခင်နှစ်များက အတွေ့အကြုံများနှင့် ပေါင်းစပ်ကာ လိုအပ်သည်များကို ဆွေးနွေးတင်ပြပေးကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် လုပ်ငန်းကော်မတီဥက္ကဋ္ဌများက မိမိတို့ကော်မတီအလိုက် လုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအမံများကို ဆွေးနွေးတင်ပြကြသည်။
တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးက ပြန်လည်ဆွေးနွေးပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)