ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့ နတ်တလင်းမြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကြည့်ရှု

နတ်တလင်း ဧပြီ ၂၆

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများနှင့်အတူ ယနေ့နံနက်ပိုင်းက နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှုအား ကြည့်ရှုခဲ့သည်။

ဦးစွာဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရွာသာကုန်းကျေးရွာအုပ်စု၊ ရွာသာကုန်းကျေးရွာ တောင်သူဦးအေးထွန်း၏ ကွင်းအမှတ် (၂၅၇)၌ စိုက်ပျိုးထားသော ရေဆင်းပေါ်ဆန်း - ၁ စပါးမျိုး မျိုးစေ့ထုတ် (၅) ဧက စံပြကွက်အား ကြည့်ရှုစစ်ဆေးကာ တောင်သူများနှင့်တွေ့ဆုံ၍ တာဝန်ရှိသူများအား လိုအပ်သည်များကိုမှာကြားခဲ့ပြီး မြို့မရပ်ကွက်၊ ရန်ကုန်-ပြည်ကားလမ်းဘေးရှိ ရွှေလင်းခန်းမပြန်လည်ပြုပြင် ပြီးစီးမှုအားကြည့်ရှုစစ်ဆေးကာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ရွှေနှင့်တာဝန်ရှိသူများအား ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကံသာကျေးရွာအုပ်စု၊ ကံသာရွာတောင်သူ ဦးကျော်မင်းထွန်း၏ သီးနှံစိုက်ခင်း (Home Gardening) ဆောင်ရွက်ထားရှိမှုနှင့် EM ဘိုကာရှီမြေဆွေးတန် (၅၀) ထုတ်လုပ်ရန် ဆောင်ရွက်ထားမှုကို ကြည့်ရှုစစ်ဆေးပြီးနောက် ကံသာကျေးရွာ ဦးကျော်မင်းထွန်း၏ မင်းခန့်ကျော် လယ်ယာသုံးစက်ကိရိယာထုတ်လုပ်မှုနှင့် MSME လုပ်ငန်းဆောင်ရွက်ထားရှိမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ဝေယံဖြိုး(ပြန်/ဆက်)