ပေါင်းတည် ဧပြီ ၂၅
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ နွေစပါးများ ဖြစ်ထွန်းအောင်မြင်လျက်ရှိကြောင်း သိရသည်။ ယခုအခါ ထိုနွေစပါးများသည် ရက် ၉၀ ဝန်းကျင် သက်တမ်းရှိနေကြပြီး အချို့ကောက်ပင်များတွင် နို့ရည်တည်လျက်ရှိကာ သဘာဝဘေးနှင့် သီးနှံဖျက်ပိုးဘေး အန္တရာယ်ကင်းရှင်းလျက် အောင်မြင်စွာရှင်သန်လျက်ရှိကြသည်။
ထိုသို့ အောင်မြင်ဖြစ်ထွန်းရေးအတွက် မြို့နယ်စိုက်ပျိုးမှုကြီးကြပ်ရေးအဖွဲ့က စပါးစိုက်ပျိုးမှု လုပ်ငန်းစဉ်အတိုင်း လယ်ယာလုပ်ငန်းခွင်တွင် စိုက်ပျိုးပင်သက်တမ်းအလိုက် စနစ်တကျပြုစုစောင့်ရှောက်ရေးကို တောင်သူများနှင့်ပူးပေါင်း၍ နွေစပါးပန်းတိုင်အထွက်နှုန်း ပြည့်မီကျော်လွန်ရေးအတွက် စဉ်ဆက်မပြတ်ကွင်းဆင်းကြည့်ရှု စစ်ဆေးလျက်ရှိကြောင်း သိရသည်။
ယခုနှစ် နွေစပါးရာသီတွင် ဒေသတွင်း စိုက်ပျိုးလျက်ရှိသည့် စပါးမျိုးဧက ၂၆၅၀၀ စိုက်ပျိုးထားသည့် အပြင် ဈေးကွက်ဝင်စပါးမျိုးဖြစ်သည့် ရေဆင်းပေါ်ဆန်းမျိုးကိုလည်း ၁၀ ဧက စမ်းသပ်စိုက်ပျိုးထားရှိခဲ့ရာ ဖြစ်ထွန်းအောင်မြင်လျက်ရှိကြောင်း၊ ထိုစပါးမျိုးကို ဒေသတွင်းမျိုးပြန့်ပွားရေးနှင့်တောင်သူများ၏ အကျိုးစီးပွားဖြစ်ထွန်းရေးအတွက် လာမည့်စိုက်ပျိုးရာသီများတွင် ပိုမိုစိုက်ပျိုးထုတ်လုပ်နိုင်ရေးကို စီစဉ်ထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ရွှေသား(IPRD)