ရေတာရှည် ဧပြီ ၂၅
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် အစိုးရသစ်၏ ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ရေတာရှည်မြို့နယ်အတွင်းရှိ မြို့လှမြို့ ဓမ္မာရုံ၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ အစိုးရအသစ်၏ ရက် (၁၀၀) စီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်/ ကျေးစာရေးများက မြေပြင်အရောက် ကွင်းဆင်း၍ အသက် (၁၀) နှစ်ပြည့်၊ (၁၈) နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား အသစ်ပြုလုပ်လိုသည့် ကျောင်းသား၊ ကျောင်းသူများအား လိုအပ်သည့်အချက်အလက်၊ အထောက်အထားများ ဖြည့်စွက်ကာ စိစစ်ထုတ်ပေးခဲ့ပြီး ဇီဝဆိုင်ရာအချက်အလက်ကောက်ယူခြင်းလုပ်ငန်းများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါလုပ်ငန်းများဆောင်ရွက်နေမှုကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ကော်မတီဥက္ကဋ္ဌ ဦးဥက္ကာသန်းနှင့် အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံး ခရိုင်ဦးစီးမှုး ဒုတိယညွှန်ကြားရေးမှူး ဦးကျော်လွင်ဦး၊ မြို့နယ်ဦးစီးမှူး ဦးပိုက်စိုးတို့က သွားရောက်ကြည့်ရှုအားပေးခဲ့သည်။
ရေတာရှည်မြို့နယ်အတွင်းရှိ မြို့ပေါ် (၁၇) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၄၈) အုပ်စုရှိရာ ကျန်ရှိနေသည့်ရပ်ကွက်နှင့် ကျေးရွာအုပ်စုများတွင်လည်း နိုင်ငံသားကတ်ထုတ်ပေးခြင်း၊ အိမ်ထောင်စုစာရင်းနှင့် e-ID စနစ်ဖြင့် Unique ID နံပါတ်ထုတ်ပေးခြင်းနှင့် ဟောင်းနွမ်းကတ်များလဲလှယ်ပေးခြင်းတို့ကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)