စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံပွဲအခမ်းအနား၊ မုံရွာမြို့ပေါ်ရှိ MSME လုပ်ငန်းရှင်များအား တွေ့ဆုံခြင်းနှင့် MSME လုပ်ငန်းများဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှု

မုံရွာ ဧပြီ ၂၅

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့်တွေ့ဆုံပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့၊ ချင်းတွင်းခန်းမတွင် ကျင်းပပြုလုပ်ရာ တွေ့ဆုံပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေးက မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့တာဝန်ယူဆောင်ရွက်သွားမည့် ကာလအတွင်း တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်/ရပ်ကွက်/ကျေးရွာများအား ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဌာနဆိုင်ရာများမှတာဝန်ရှိသူများနှင့် အစွမ်းကုန်ဝိုင်းဝန်းကြိုးပမ်းပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် ဧပြီလ ၁၀ ရက်နေ့ နိုင်ငံတော်သမ္မတကြီး၏ မိန့်ခွန်းအား ရှင်းလင်းပြောကြားသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များက တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီရုံးရှိ မြသလ္လာခန်းမတွင် ကျင်းပပြုလုပ်သည့် မုံရွာမြို့‌ ပေါ်ရှိ MSME လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေးက မိမိတို့တိုင်းဒေသကြီးသည် စိုက်ပျိုးရေးနှင့်မွေးမြူရေးအား အခြေခံသည့် ကုန်ထုတ်လုပ်မှု MSME လုပ်ငန်းများအတွက် အလားအလာကောင်းများစွာရှိသည့် တိုင်းဒေသကြီးတစ်ခုဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ MSME လုပ်ငန်းများအောင်မြင်မှသာ နိုင်ငံတော်၏စီးပွားရေးမောင်းနှင်အား အရှိန်အဟုန်မြင့်တက်လာမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့်လည်း မိမိတို့ကြုံတွေ့နေရသည့် အခက်အခဲများ၊ လိုအပ်ချက်များအား ယခုတွေ့ဆုံရာတွင် ပွင့်ပွင့်လင်းလင်း ဆွေးနွေးတင်ပြသွားကြရန်နှင့် မိမိတို့တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် သက်ဆိုင်ရာဌာနဆိုင်ရာများ၊ ဘဏ်များနှင့် ပေါင်းစပ်ညှိနှိုင်းပြီး အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်လာကြသည့် မုံရွာမြို့ပေါ်ရှိ MSME လုပ်ငန်းရှင်များက မိမိတို့လုပ်ကိုင်ဆောင်ရွက်နေသည့် လုပ်ငန်းအခြေအနေများ အပေါ် လိုအပ်သည်များ အသီးသီး ဆွေးနွေးတင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ အခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ စက်မှုဇုန်ရှိ “ငြိမ်းချမ်းရေး” ပဲခွဲစက်သို့ ရောက်ရှိရာ စက်ရုံတာဝန်ခံမှ စက်ရုံအတွင်း ကုလားပဲများ ကြိတ်ခွဲထုတ်လုပ်နေမှု၊ ထုတ်ပိုးနေမှု အခြေအနေများအား လိုက်လံရှင်းလင်းပြသရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရှင်းလင်းပြသမှုများအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ မြို့သစ်ရပ်ကွက်ရှိ “ပွဲတော်အုပ်”လက်ဘက်နှင့်အကြော်စုံ လုပ်ငန်းသို့ရောက်ရှိရာ အလုပ်ရုံတာ ဝန်ခံမှအလုပ်ရုံအတွင်း လက်ဘက်နှင့်အကြော်စုံများ ထုတ်လုပ်၊ ထုတ်ပိုးနေမှုများနှင့် ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချသွားမည့် လက်ဘက်နှင့်အကြော်စုံ ပါကင်ထုတ်ပိုးထားရှိမှုများအား တာဝန်ရှိသူများနှင့်အတူ လိုက်လံကြည်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး၊ပြန်/ဆက်