စစ်ကိုင်း ဧပြီ ၂၅
စစ်ကိုင်းမြို့တွင် အပူရှောင်စခန်းများ ဖွင့်လှစ်နိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား ယမန်နေ့ နံနက်ပိုင်းက ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှု၍ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။
အဆိုပါ အပူရှောင်စခန်းများကို မြို့တော်ခန်းမ၊ ရွာထောင်ဘုန်းတော်ကြီးကျောင်းနှင့် ကမ်းနားလမ်းတို့တွင် ဖွင့်လှစ်ထားရှိမည်ဖြစ်ပြီး လုံခြုံရေးကောင်းမွန်ရေးနှင့် သန့်ရှင်းသပ်ရပ်သည့် နေရာထိုင်ခင်းများ၊ လုံလောက်သော သောက်သုံးရေ၊ အရေးပေါ်ကျန်းမာရေးဆိုင်ရာ ဆေးဝါးပစ္စည်းများ ထားရှိနိုင်ရေးနှင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အပူရှောင်ပြည်သူများ စာပေဖတ်ရှုနိုင်ရန် စာကြည့်တိုက်ဖွင့်လှစ်ထားရှိရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့အပြင် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့ ပြည်သူ့ဆေးရုံသို့ သွားရောက်၍ အပူဒဏ်ကြောင့် လူနာများ ရောက်ရှိလာပါက အချိန်မီကုသပေးနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားသည့် ဆေးဝါးနှင့်ဆေးပစ္စည်းများ၊ အရေးပေါ်ကုသရေး အစီအစဉ်များနှင့် လူနာလက်ခံကုသနိုင်ရေး အခြေအနေများကိုလည်း လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သိရသည်။
အေးငြိမ်းစံ (ပြန်/ဆက်)