ပေါက်ခေါင်း ဧပြီ ၂၄
ကြံစိုက်ပျိုးဧက များစွာရှိသော ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်တွင် ဧက (၂၀၅၈၉) ဧကကို စိုက်ပျိုးနိုင်ခဲ့ပြီး ယခုနှစ်အတွက် လျာထားချက်ပြည့်မှီကျော်လွန်စွာ စိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ပေါက်ခေါင်းမြို့နယ်တွင် ကြံစိုက်ပျိုးမှု အထွက်နှုန်းတိုးတက်ရေး၊ စိုက်နည်းစနစ်မှန်ကန်ရေး၊ သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာအချိုးကျသုံးစွဲနိုင်ရေးတို့အပြင် အပင်ကြီးထွားချိန် ပိုးမွှားကျရောက်လာပါက ကာကွယ်နှိမ်နင်းရေးနည်းလမ်းများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ စနစ်တကျ ကူညီဆောင်ရွက်ပေးလျက်ရှိပြီး ခင်းသစ် (၁၂၃၆၅) ဧကနှင့် လမိုင်း (၈၂၂၄) ဧက စုစုပေါင်း (၂၀၅၈၉) ဧကကို စိုက်ပျိုးနိုင်ခဲ့ရာ ဧကကုန်ရိတ်သိမ်းနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကြံကို ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလများတွင် စတင်စိုက်ပျိုးကြပြီး ဒီဇင်ဘာလတွင် ခုတ်သိမ်းနိုင်ကာ အဆိုပါကြံများကို ဒေသတွင်းရှိ အင်ငါးခွသကြားစက်ရုံနှင့် နဝဒေးသကြားစက်ရုံများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။
ဖုန်းကျော်ဇင် (ပြန်/ဆက်)