ညောင်တုန်းမြို့နယ်တွင် မဟာသင်္ကြန်ပွဲတော် ယိမ်းအက ဆုပေးပွဲနှင့် ပိတ်ပွဲအခမ်းအနားကျင်းပ

ညောင်တုန်း ဧပြီ  ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ယမန်နေ့ ည ၇ နာရီက မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ယိမ်းအက ဆုပေးပွဲနှင့် ပိတ်ပွဲအခမ်းအနားကို အမှတ် (၃) ရပ်ကွက်ရှိ မဟာသင်္ကြန်ဗဟိုမဏ္ဍာပ်တွင် ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ရပ်ကွက် (၁၀) ခုမှ ယိမ်းအဖွဲ့များက ကပြဖျော်ဖြေခဲ့ကြပြီး  ညောင်တုန်းမြို့၊ ၁၃၈၇ခု မြန်မာ့ရိုးရာယဥ်ကျေးမှုမဟာသင်္ကြန်ပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် ယိမ်းအဖွဲ့များမှ ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် နှစ်သိမ့်ဆုများရရှိခဲ့သည့် ယိမ်အဖွဲ့များနှင့် သင်္ကြန်မယ်ဆုများကို မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦး‌မျိုး‌ကျော်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြသန်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစောမျိုးသီဟနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများကို ချီးမြှင့်ပေးအပ်ခဲ့ပြီး ပထမဆုရရှိသော ယိမ်းအဖွဲ့များ၏ ဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့သည်။

ထို့နောက် မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦး‌မျိုး‌ကျော်က မဟာသင်္ကြန်ပွဲတော်တွင် စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည်စုံပြီး ဘေးဥပါဒ်အန္တရာယ်များ ကင်းစင်လွင့်ပျောက်ပါစေကြောင်းနှင့် မဟာသင်္ကြန်ပွဲတော်‌ အောင်မြင်စွာကျင်းပနိုင်ရန် ဝိုင်းဝန်းကူညီပေးပါသော တာဝန်ရှိသူများအားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပြီး ဆုရယိမ်းအဖွဲ့မှ မန်းတောင်ရိပ်ခိုသီချင်းဖြင့် ကပြဖျော်ဖြေ၍ ၁၃၈၇ခုနှစ် မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲ‌တော် အောင်မြင်စွာ ပြီး‌မြောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်ဆက်)