မကွေးတိုင်းဒေသကြီး ပြည်တွင်းအခွန်များဦးစီးဌာန၌ မီးဘေးလုံခြုံရေး အသိပညာပေးခြင်းနှင့် မီးငြှိမ်းသတ်မှု လက်တွေ့သရုပ်ပြသခြင်း ဆောင်ရွက်

မကွေး ဧပြီ ၉

ပူပြင်းခြောက်သွေ့သော ပွင့်လင်းရာသီကာလအတွင်း မီးဘေးလုံခြုံရေးအတွက် ရည်ရွယ်၍ မီးဘေးလုံခြုံရေးအသိပညာပေးခြင်းနှင့် မီးငြှိမ်းသတ်မှု လက်တွေ့သရုပ်ပြသခြင်းကို ယမန်နေ့နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး ပြည်တွင်းအခွန်များဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၌ ကျင်းပပြုလုပ်သည်။

ဦးစွာ မကွေးတိုင်းဒေသကြီး မီးသတ်ဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးမင်းထွန်းက မီးဘေးလုံခြုံရေးဆိုင်ရာ အသိပညာများ၊ လျှပ်စစ်မီးလောင်မှုအကြောင်းနှင့် သဘာဝဘေးအန္တရာယ်များအကြောင်း အသိပညာပေးပြောကြားခဲ့သည်။ ထို့နောက် 191 Report Mobile Application အသုံးပြုနည်း၊ ဂက်(စ်)အိုးမီးလောင်မှု အားမီးသတ်ဆေးဘူးဖြင့် လက်တွေ့မီးငြှိမ်းသတ်ခြင်း၊ Dry Chemical Powder(DCP) မီးသတ်ဆေးဘူးဖြင့် စနစ်တကျလက်တွေ့ မီးငြှိမ်းသတ်ခြင်းများကို သရုပ်ပြခဲ့ပြီး ပြည်တွင်းအခွန်များဦးစီးဌာန ဝန်ထမ်းများကိုယ်တိုင် လက်တွေ့ပါဝင်ဆောင်ရွက်ခဲ့ကြသည်။

ယခုအချိန်အခါသည် ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့် မီးလောင်မှုများ လျော့နည်းကျဆင်းရေးအတွက် မီးသတ်ဦးစီးဌာနအနေဖြင့် ရပ်ကွက်၊ ကျေးရွာများအတွင်း မီးသတိပေးနှိုးဆော်ခြင်း၊ မီးငြှိမ်းသတ်မှုဇာတ်တိုက်လေ့ကျင့်ခြင်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မောင်ခိုင်မင်း(ပြန်/ဆက်)