ငဖဲမြို့နယ် ရှောက်ဝကျေးရွာတွင် အပူဒဏ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်

ငဖဲ ဧပြီ ၉

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာပေချစ်မြတ်နိုးသူအသင်း Book Club အသင်းတို့ ပူးပေါင်း၍ အပူဒဏ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယနေ့နံနက် ၉ နာရီက ရှောက်ဝကျေးရွာဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ဆောင်ရွက်သည်။

ရှေးဦးစွာ ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ယုယုသိန်းက စာဖတ်ရှိန်မြှင့်တင်ရေးအတွက် နွေရာသီကျောင်းပိတ်ရက်ကာလတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချရန်အတွက် အသိပညာဗဟုသုတတိုးပွားစေရေး သုတရသစာအုပ်စာစောင်များကို လေ့လာဖတ်ရှုကြရန်၊ နွေရာသီအပူဒဏ်ကာကွယ်ရေး သိကောင်းစရာများ၊ အပူဒဏ်ကာကွယ်နိုင်ရေးလိုက်နာ ဆောင်ရွက်ရမည့်အချက်များနှင့် ရှောင်ကြဉ်ရမည့်အချက်များကို ကျောင်းသား/သူများအား အသိပညာပေးပြောကြားသည်။

ဆက်လက်၍ မြို့နယ်စာအုပ်စာပေချစ်မြတ်နိုးသူအသင်းအဖွဲ့ဝင် ဒေါ်ငယ်ငယ်ထွေးက စာဖတ်သည့် အလေ့အထဖြစ်ပေါ်စေရန် လိုက်နာဆောင်ရွက်သင့်သည့်အချက်များနှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကို အသိပညာပေးပြောကြားသည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ အပူဒဏ်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များနှင့် အခြားသိမှတ်ဖွယ်ရာ လက်ကမ်းစာစောင်များကို ယဉ်ကျေးလိမ္မာသင်တန်း တက်ရောက်နေသော ကျောင်းသား၊ ကျောင်းသူများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မယု(ငဖဲ)