ငဖဲ ဧပြီ ၉
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်၌ မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးအတွက် ပဒါန်းတပ်နယ်မှူးနှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌတို့မှ ဦးဆောင်၍ သင်္ကြန်ပွဲတော်ကျင်းပရေးဆပ်ကော်မတီအဖွဲ့များက ယနေ့နံနက်ပိုင်းတွင် ကြိုတင်ပြင်ဆင်မှုများ စနစ်တကျဆောင်ရွက်လျက်ရှိသည်။
ငဖဲမြို့နယ်၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ဗဟိုမဏ္ဍပ်ကို ပဒါန်းကျေးရွာ ပုသိမ်-မုံရွာလမ်းဘေးတွင် တည်ဆောက်ထားရှိပြီး လမ်းလျှောက်သင်္ကြန်ကိုလည်း စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ရာ ပွဲတော်ရက်များအတွင်း ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ရေကစားနိုင်ရေး၊ ယိမ်းအကပြိုင်ပွဲများနှင့် ဖျော်ဖြေရေးအစီအစဉ်များ၊ စတုဒီသာကျွေးမွေးရေး အစီအစဉ်များကို သင်္ကြန်ပွဲတော်ကျင်းပရေးဆပ်ကော်မတီအလိုက် စီစဉ်ဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် မြို့နယ်အတွင်း ဘေးအန္တရာယ်ကင်းဝေးစေရေးအတွက် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများတွင် ဆရာတော်၊ သံဃာတော်များမှ အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်း၊ သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ခြင်းကို မြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာနှင့်အညီ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မယု(ငဖဲ)