ဂန့်ဂေါ ဧပြီ ၁
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့တွင် ရွှေပြည်ဆိပ်ဦးအကျိုးတော်ဆောင်အဖွဲ့မှ ကြီးမှူးဖွင့်လှစ်သော နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား၊ ကျောင်းသူကလေးငယ်များ ယဉ်ကျေးလိမ္မာပြီး ဗုဒ္ဓဝင်ကို သိရှိစေပြီး တရားတော်နှင့်အညီ ကျင့်ကြံနေထိုင်တတ်စေရန်ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သည့် ယဉ်ကျေးလိမ္မာ သင်တန်းဆင်းပွဲအခမ်းအနားကို မတ်လ ၃၁ ရက်နေ့ နံနက် ၈ နာရီက မြောက်ကုန်း ရပ်ကွက်ရှိ သာသနာ့ဗိမာန်တော်ကြီးတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ ယဉ်ကျေးလိမ္မာသင်တန်းဆင်းပွဲအခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်လွင်က အဖွင့်အမှာစကားပြောကြားပြီး ယဉ်ကျေးလိမ္မာသင်တန်း တာဝန်ခံနည်းပြဆရာ ဦးအောင်စိုးမင်းက သင်တန်းဖွင့်လှစ်မှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။
ဆက်လက်၍ ရွှေပြည်ဆိပ်ဦး အကျိုးတော်ဆောင်ဂေါပကအဖွဲ့က နည်းပြဆရာများအား ဂုဏ်ပြုလက်ဆောင်များကို ပေးအပ်ချီးမြှင့်ခဲ့ကာ ယဉ်ကျေးလိမ္မာသင်တန်း သင်တန်းသား၊ သင်တန်းသူလေးများမှ သွေးအေးလို့ မနေသင့်ပြီ၊ ဓမ္မာစကူးလ်သွားကြမယ်၊ (၃၈)ဖြာ မင်္ဂလာ၊ ဂဏန်းမိသားစု၊ ဩကာသ၊ မင်္ဂလာပါ၊ ပျော်စရာ ဓမ္မစကူးလ်၊ မြတ်ဆရာ၊ ငါးပါးသီလကဗျာ၊ အိမ်ပြန်မယ် သီချင်းများဖြင့် ဧည့်ခံဖျော်ဖြေခဲ့ကြသည်။
ထို့နောက် ယဉ်ကျေးလိမ္မာသင်တန်းတွင် သင်တန်းထူးချွန်ဆုရရှိခဲ့ကြသည့် သင်တန်းသား၊ သင်တန်းသူများအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်လွင်နှင့် တာဝန်ရှိသူများက ဆုတံဆိပ်များကို အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြသည်။
ယင်းနောက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှချီးမြှင့်သည့် စီမံခန့်ခွဲရေးဆိုင်ရာ ဂုဏ်ထူးဆောင်ဆုကို ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်လွင်မှ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသန်းထွဋ်အောင်ထံသို့ လည်းကောင်း၊ လူမှုရေးဆိုင်ရာ ဂုဏ်ထူးဆောင်ဆုတံဆိပ်ကို ဦးအောင်စိုးမင်း ထံသို့လည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့သည်။ ထို့နောက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးသက်လွင်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊
ယဉ်ကျေးလိမ္မာသင်တန်းတက်ရောက်ခဲ့ကြသည့် သင်တန်းသား၊ သင်တန်းသူများနှင့် အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ကြသည်။ အဆိုပါ နွေရာသီယဉ်ကျေးလိမ္မာသင်တန်းကို ဂန့်ဂေါမြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ KG နှင့် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၇၅)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကို ယဉ်ကျေးလိမ္မာ သင်တန်းနည်းပြဆရာဦးအောင်စိုးမင်းနှင့် ဆရာ/ဆရာမ(၆)ဦးတို့က ၁-၃-၂၀၂၆ ရက်နေ့မှ ၃၁-၃-၂၀၂၆ ရက်နေ့အထိ နံနက် (၁၀)နာရီမှ (၁၂)နာရီ အထိ ဖွင့်လှစ်သင်ကြားပို့ချပေးခဲ့ကြကြောင်း သိရသည်။
မောင်မျိုးမင်း